မိုဘိုင်းလ်ဂိမ်းတွေက ဒီနေ့ခေတ်ရဲ့ အကြီးဆုံး ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတောင် ဖြစ်လာပါတယ်။ မိုဘိုင်းလ်ဂိမ်းတွေ လူကြိုက်များလာရတဲ့ အကြောင်းရင်းက ရှင်းပါတယ်။ ဖုန်းတစ်လုံးနဲ့ အင်တာနက်ရှိရင် ကြိုက်တဲ့နေရာ ၊ ကြိုက်တဲ့ အချိန်မှာ ကြိုက်တဲ့ ဂိမ်းကစားနိုင်တာပါပဲ။ မိုဘိုင်းလ်ဂိမ်းလို့ ပြောလိုက်ရင် Android နဲ့ iOS Play Store ပေါ်ကနေ ဒေါင်းလုပ်ဆွဲပြီး ကစားနိုင်တဲ့ ဂိမ်းတွေလို့ ပြောတာ ဖြစ်ပြီး ဒီတစ်ခေါက်အတွက်တော့ ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် အကျော်ကြားဆုံး မိုဘိုင်းလ်ဂိမ်း တွေအကြောင်း မျှဝေပေးသွားမှာပါ။

(၁) PUBG

PUBG Mobile က မိုဘိုင်းလ်ဂိမ်းတွေထဲမှာ လူအများဆုံးကစားကြတဲ့ ဂိမ်းတစ်ခု ဖြစ်ပြီး ၂၀၁၈ မတ်လ ၁၉ ရက်နေ့ ဖြန့်ချိခဲ့တာပါ။ ၄ နှစ်ကြာလာတဲ့အချိန်အထိတောင် ဒီဂိမ်းကို လူတွေ ငြီးငွေ့မသွားဘဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကစားနေကြတုန်းပါပဲ။ Player Unknown Battlegrounds (PUBG) ဂိမ်းကို PC ဂိမ်းအဖြစ် ၂၀၁၇ မတ်လထဲမှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး စထွက်ကတည်းက ကမ္ဘာတလွှား အရှိန်အဟုန်နဲ့ လူကြိုက်များလာခဲ့တာပါ။

မိုဘိုင်းလ်ဂိမ်းအဖြစ် ထွက်လာပြီးနောက် PUBG Mobile ကို Google Play Store တစ်ခုတည်းမှာတင် ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၅၀၀ ကျော် ရှိထားခဲ့ပါတယ်။ PUBG Mobile က ၂၀၂၁ ခုနှစ်ရဲ့ ဒေါင်းလုပ်ဆွဲမှု အများဆုံးဂိမ်းတစ်ခုဖြစ်ခဲ့သလို အခုထိလည်း လူကြိုက်အများဆုံးဂိမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

(၂) Genshin Impact

RPG Game တွေထဲက အကောင်းဆုံးဂိမ်းတစ်ခု အဖြစ် ပြောကြတဲ့ Genshin Impact ဂိမ်းက အသက် ၁၂ နှစ်နဲ့အထက် ကစားနိုင်တဲ့ အပစ်အခတ်ဂိမ်းဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ၊ ၂၀၂၀ ကမှ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းထဲက ဂရပ်ဖစ်ပိုင်းနဲ့ ပတ်သက်လို့ ချီးကျူးခံရသလို ဂိမ်းထဲမှာ သုံးထားတဲ့ ကာလာရွေးချယ်မှုပိုင်းကလည်း ဟန်ချက်မျှပါတယ်။ ရုပ်ထွက်အရည်အသွေးမြင့်တဲ့ 2D Anime နဲ့ 3D တွေကို တစ်ပြိုင်တည်း ပေါင်းစပ်သုံးတာပါ။

ဂိမ်းထဲက ဇာတ်ကောင်တွေက လူဆန်ပြီး ဂိမ်းမြင်ကွင်းတွေကလည်း လက်တွေ့နဲ့ နီးစပ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ Genshin Impact ကို Google Play Store မှာ ဒေါင်းလုပ်ဆွဲသူ ၁၀ သန်းကျော် ရှိထားပြီး iOS နဲ့ တခြား ပလက်ဖောင်းတွေ ဖြစ်တဲ့ Nintendo Switch ၊ PlayStation 5 ၊ Microsoft Windows တွေ‌ ပေါ်မှာလည်း လူကြိုက်များနေပါတယ်။

(၃) Mobile Legends Bang Bang

အာရှမှာ လူကြိုက်အများဆုံး MOBA ဂိမ်းတစ်ခုက Mobile Legends Bang Bang ဂိမ်းပဲ ဖြစ်ပါတယ်။ Moonton က ထုတ်ထားတဲ့ ဒီဂိမ်းကို ကလေးလူကြီးမရွေး အပြိုင်အဆိုင် ကစားနေကြတာ ၅ နှစ်ကျော် ၆ နှစ်ဘက်ကို ရောက်လာပြီ ဖြစ်ပါတယ်။ DOTA ဆန်ပြီး ကစားရ ပိုလွယ်ကူရိုးရှင်းလို့ လူကြိုက်များကြတဲ့ ဒီဂိမ်းကို ဖိလစ်ပိုင် ၊ မလေးရှား ၊ အင်ဒိုနီးရှား နဲ့ အာရှနိုင်ငံများအကြားမှာ စွဲစွဲလမ်းလမ်း ကစားကြပါတယ်။ Google Play Store တစ်ခုတည်းပေါ်မှာကို ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲသူဦးရေဟာ သန်း ၁၀၀ နဲ့ အထက်မှာ ရှိနေပါတယ်။

(၄) Free Fire

Free Fire ဂိမ်းဟာ ဒေါင်းလုပ်ဆွဲမှုအများဆုံး မိုဘိုင်းလ်ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး Garena International က ရေးဆွဲထားတာပါ။ ဒီဂိမ်းကို Play Store တစ်ခုတည်းပေါ်မှာတင် ဒေါင်းလုပ်ဆွဲသူ သန်း ၁၀၀၀ ကျော် ရှိထားပါတယ်။ ထွက်ထားတာကတော့ ၂၀၁၇ နှစ်ကုန်ပိုင်းက ဖြစ်ပြီး အွန်လိုင်းကနေ ကစားရတဲ့ Shooter ဂိမ်းတွေထဲမှာ အစောဆုံးထွက်ခဲ့တဲ့ ဂိမ်းတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။

(၅) 8 Ball Pool

ဘိလိယက်ထိုးရတာ ဝါသနာပါသူတွေအတွက် ကိုယ့်ဖုန်းထဲမှာတင် ဘိလိယက် ကစားနိုင်မယ့် ဂိမ်းပါ။ ဘိလိယက်ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံး ဂိမ်းလည်း ဖြစ်ပါတယ်။ 8 Ball Pool ဂိမ်းထွက်တာ ၉ နှစ်ကျော်ရှိပြီ ဖြစ်ပေမယ့် အခုထိလည်း လူကြိုက်များဆဲပါ။ ဒီဂိမ်းကို Miniclip က ရေးဆွဲထားပြီး ၂၀၁၃ ဇန်နဝါရီ လထဲမှာ ထွက်ရှိခဲ့တာပါ။ Google Play Store ပေါ်မှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲသူ သန်း ၅၀၀ ကျော် ရှိထားပါတယ်။

ဒါတွေကတော့ ၂၀၂၁-၂၀၂၂ ခုနှစ်အထိ လူကြိုက်များတဲ့ နာမည်အကျော်ကြားဆုံးမိုဘိုင်းလ်ဂိမ်းတွေထဲက တချို့ ဖြစ်ပြီး အခုပြောခဲ့တဲ့ ဂိမ်းတွေအပြင် Call Of Duty ၊ Among Us ၊ Asphalt 9 ၊ League Of Legends နဲ့ Pokemon Go တို့ကလည်း ထိပ်ဆုံးမိုဘိုင်းလ်ဂိမ်း ၁၀ ခု စာရင်းမှာ ပါဝင်နေပါတယ်။

Featured Photo : esports ph