မိုဟီတို Mojito ကော့လ်တေး ကတော့ ရိုးရှင်းပြီး အရသာရှိတဲ့ နွေရာသီ အဖျော်ယမကာ တစ်မျိုးအဖြစ် နာမည်ကြီးပါတယ်။ ရမ် ၊ သံပုရာသီး ၊ ပူစီနံ ၊ ဆိုဒါ ၊ သကြားတို့နဲ့ အချိုးကျကျ ဖျော်စပ်ရတာဖြစ်ပြီး လတ်ဆတ်တဲ့ အနံ့အရသာနဲ့ Fresh ဖြစ်စေမယ့် ချိုချဉ်ပြုံး ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ မိုဟီတို Mojito ကော့လ်တေး ဟာ ၁၉၂၀ ခုနှစ်ဝန်းကျင်က ကျူးဘားနိုင်ငံ ၊ ဟာဗားနားမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကော့လ်တေးတစ်ခွက် အဖြစ် လူသိများပြီး ဆယ်စုနှစ်တစ်ခုအတွင်း အရမ်းကိုရေပန်းစား လူကြိုက်များ ခဲ့ပါတယ်။

Photo : Downshiftology

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ဂျိန်းစဘွန်း ရုပ်ရှင်ဇာတ်ကားနဲ့အတူ မိုဟီတို Mojitoကော့လ်တေးဟာ တစ်ဖန် ရေပန်းစားလာခဲ့ပြန်ပါတယ်။ ဂျိန်းစဘွန်းမင်းသားကြီး နဲ့တွဲပြီး ပရိသတ်တွေ သတိထားမိတဲ့ သောက်စရာ အဖျော်ယမကာတွေကတော့ Vesper နဲ့ Martini တို့ ဖြစ်ကြပြီး ၂၀၀၂ ခုနှစ်က ထွက်ခဲ့တဲ့ Die Another Day ရုပ်ရှင်ထဲမှာ မိုဟီတို Mojito ကော့လ်တေးကို နှစ်ခြိုက်စွာ သောက်ပြခဲ့ရာကနေ ပရိသတ်တွေကြား မှာ နာမည်ကြီးတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်လာခဲ့ပါတယ်။ အရသာ အရမ်းမပြင်းဘဲ ယောကျ်ာလေးရော မိန်းကလေးတွေပါ သောက်နိုင်ပြီး ဘားတွေမှာ အမှာများတဲ့ ကော့လ်တေးတစ်ခွက်လည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လူကြိုက်များတဲ့ မိုဟီတို Mojito ကော့လ်တေးကို ကွီးတို့ အိမ်မှာဘဲ လွယ်လွယ်ကူကူ ဖျော်စပ်သောက်သုံးနိုင်ဖို့ အရိုးရှင်းဆုံး မိုဟီတို Mojitoကော့လ်တေး ဖျော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo : Oh My Dish

  • ရမ်အဖြူ – ၁.၅ အောင်စ
  • သံပုရာသီး – ၁ လုံး
  • သကြား – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပူစီနံရွက် – ၇ ရွက်ခန့်
  • ဆိုဒါ – ၁ဗူး

ဖျော်စပ်နည်း

Photo : The Manual

မိုဟီတို Mojitoကော့လ်တေး ဖျော်စပ်ဖို့ ဖန်ခွက်ရှည် (Collins Glass) တစ်လုံး လိုပါတယ်။ ဖန်ခွက်ထဲကို ပူစီနံရွက် ၅ – ၇ ရွက်ခန့် (အနည်းအများ နှစ်သက်သလို ထည့်နိုင်ပါတယ်) ၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း ၊ သံပုရာရည်တို့ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင် ရမ်နဲ့ ရေခဲကို ရောထည့်ပါ။ နောက်ဆုံးမှာတော့ ဆိုဒါ လောင်းထည့်ပြီး Ingredients တွေအားလုံးနှံ့သွားအောင် ဇွန်းအရှည်နဲ့ မွှေပေးပါ။ ဖန်ခွက်အပေါ်မှာ ပူစီနံရွက် အနည်းငယ် အလှဆင်ပြီး အရသာရှိတဲ့ မိုဟီတို Mojitoကော့လ်တေး တစ်ခွက် သုံးဆောင်လို့ ရပါပြီ။

Featured Photo : Parade