မိုးရာသီဟာ အစစအရာရာမှာ ကထိကထများလို့ ခရီးသွား ဖို့ကို တော်ရုံ မစဉ်းစားကြပါဘူး။ ဒါပေမယ့် မိုးရာသီကာလဟာ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုလန်းဆန်းပြီး သဘာဝတရားရဲ့ ရင်သပ်ရှုမောဖွယ်အလှတရားတွေကို ခံစားနိုင်မယ့် အကောင်းဆုံး ရာသီတစ်ခုဖြစ်ပါတယ်။ မိုးရာသီကာလအတွင်းမှာ ခရီးသွားရတာဟာ အရမ်းပျော်ဖို့ကောင်းသလို အတွေ့အကြုံအသစ်တွေလည်း များစွာရနိုင်ပါတယ်။ ဒါပေမယ့် မိုးရာသီ မှာ အန္တရာယ်ကင်းကင်းနဲ့ ခရီးသွား နိုင်ဖို့ဆိုရင်တော့ မဖြစ်မနေ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။

(၁) ရာသီဥတုအခြေအနေကို စစ်ဆေးဖို့ မမေ့ပါနဲ့


Photo : iPhone Hacks

မိုးရာသီ အတွင်း ခရီးသွား တော့မယ်ဆိုရင် မိုးလေဝသခန့်မှန်းချက်တွေကို အရင်ဆုံး စစ်ဆေးဖို့ လိုပါတယ်။ သာမန်မြို့တွင်း ခရီးစဉ်တွေလောက်က သိပ်ပြီးပြဿနာမရှိပေမယ့် ပင်လယ်ကမ်းခြေနဲ့ တောင်တန်းဒေသတွေလို သွားလာရခက်ခဲတဲ့ နေရာဒသတွေကို ခရီးသွားမယ်ဆိုရင်တော့ မိုးရွားသွန်းမှုအခြေအနေ ၊ မုန်တိုင်းသတိပေးချက်စတဲ့ မိုးလေဝသဆိုင်ရာ သတင်းထုတ်ပြန်ချက်တွေကို ကြိုတင်စစ်ဆေးပြီးမှ သွားတာက အန္တရာယ်ကင်းကင်းနဲ့ လုံခြုံစိတ်ချမှု ပိုရှိစေမှာ ဖြစ်ပါတယ်။

(၂) ဆေးဝါး လုံလုံလောက်လောက် ထည့်သွားပါ


Photo : For the Love of Wanderlust

မိုးရာသီမှာ ခရီးသွား တဲ့အခါ သောက်နေကျဆေးဝါးတွေနဲ့ အကိုက်အခဲပျောက်ဆေး ၊ ပိုးသတ်ဆေးတွေလို အခြေခံဆေးဝါးတွေလည်း လုံလုံလောက်လောက် ထည့်သွားဖို့ အကြံပေးချင်ပါတယ်။ မိုးရာသီ ဟာ အအေးမိဖျားနာခြင်းတွေ ဖြစ်လွယ်တဲ့ ရာသီတစ်ခုဖြစ်တာကြောင့် သွားမယ့်နေရာပေါ်မူတည်ပြီး လိုရမယ်ရ ဆေးဝါးတွေ ဆောင်သွားတာ အကောင်းဆုံးဖြစ်ပါတယ်။

(၃) ထုပ်ပိုးရလွယ်တဲ့ မိုးကာအင်္ကျီတစ်ထည် ယူသွားပါ


Photo : Escape

ခရီးဆောင်အိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ထုပ်ပိုးရလွယ်တဲ့ မိုးကာအင်္ကျီတစ်ထည် ထည့်သွားဖို့လည်း မမေ့ပါနဲ့။ အပေါ့စား မိုးကာအင်္ကျီတွေက လေဝင်လေထွက်ကောင်းပြီး အချိန်တိုတွင်းအခြောက်မြန်တဲ့အတွက် မိုးရာသီ အတွင်း ခရီးသွား ချိန်မှာ ယူသွားဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၄) တန်ဖိုးကြီးပစ္စည်းတွေကို ရေစိုခံအိတ်နဲ့ ထုပ်ပိုးပါ


Photo : Rick McEvoy Photography

ခရီးသွားတဲ့အခါ ဖုန်း ၊ လက်ပ်တော့ ၊ ကင်မရာနဲ့ တခြား တန်ဖိုးကြီးပစ္စည်းတွေအားလုံးကို ရေစိုခံအိတ်တွေနဲ့ သီးသန့်ထုပ်ပိုးသွားသင့်ပါတယ်။ ကိုယ်တန်ဖိုးထားရတဲ့ Gadgets တွေကို အထိအခိုက်အပျက်အစီးမရှိစေဖို့ လုံခြုံမှုရှိတဲ့ ရေစိုခံအိတ်တွေနဲ့ သယ်သွားတာက အကောင်းဆုံး ကာကွယ်မှု ဖြစ်စေမှာပါ။

(၅) သောက်ရေနဲ့ လမ်းဘေးအစားအစာတွေ သတိထားပါ

Photo : Freepik

မိုးရာသီ ဟာ ကူးစက်ရောဂါပြန့်ပွားမှုအကောင်းဆုံး ရာသီတစ်ခုဖြစ်တာကြောင့် မသန့်ရှင်းတဲ့ သောက်ရေနဲ့ လမ်းဘေးအစားအစာတွေကို တက်နိုင်သလောက်ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။ မသန့်စင်တဲ့ရေနဲ့ အစားအစာတွေဟာ ဝမ်းပျက်ဝမ်းလျော ၊ ငှက်ဖျားစတဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။  ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာတွေနဲ့ စတိုင်းဆိုင်တွေမှာ ရောင်းချတဲ့ ရေသန့်ဗူးတွေကသာ မိုးရာသီအတွက် စိတ်အချရဆုံး ဖြစ်ပါတယ်။

Featured Photo : DMARGE