ကျွန်တော်တို့ ယောကျာ်းလေးတိုင်း မိုးရာသီမှာ အကြီးမားဆုံး ရင်ဆိုင်ရတာ ဗောက်ပြဿနာပါ။ မိုးရာသီအတွင်းဟာ စိုစိုစွတ်စွတ်ရှိတာကြောင့် ဦးရေပြားပေါ်မှာ မှိုနဲ့ ဘက်တီးရီးယားတွေ ပိုမိုဖောက်ဖွားဖို့ လွယ်ပြီး ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပေါင်းစပ်ကာ ဗောက်တွေကို ပိုဖြစ်လာစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အချိန်တိုင်း ယားယံပြီး စိတ်ရှုပ်ဖို့ကောင်းတဲ့ ဗောက်ပြဿနာကို ဖြေရှင်းဖို့အတွက် ကွီးတို့သိထားရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိုးရာသီ အတွင်းမှာ စိတ်ရှုပ်ရတဲ့ ဗောက်ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါမယ်။
(၁) Exfoliate လုပ်ပါ
Photo : LEAFtv
ဦးရေပြားဟာလည်း အရေပြားကဲ့သို့ပင် ပုံမှန်ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ ရှန်ပူနဲ့ ခေါင်းလျှော်တာဟာ ဦးရေပြားအပေါ်ယံ မျက်နှာပြင်မှာရှိတဲ့ အညစ်အကြေးတွေကိုပဲဖယ်ရှားပေးနိုင်တာ ဖြစ်တာကြောင့် အခြား အဆီတွေ ၊ မှိုနဲ့ အရေပြားဆဲလ်သေတွေကိုတော့ Exfoliate ပြုလုပ်ပြီး ဖယ်ရှားသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ ဗောက်ပြဿနာ အတွက်ဆို ကော်ဖီပါဝင်တဲ့ ဦးရေပြား Scrub တွေက အကောင်းဆုံးပါပဲ။ ကော်ဖီ Scrub က ဗောက်တွေကို ဖယ်ရှားပေးရုံသာမက ဦးရေပြားနဲ့ ဆံသား ကျန်းမာရေးကိုပါ အကျိုးပြုပါတယ်။
(၂) တစ်ပတ် ၂ ကြိမ် ပုံမှန်ခေါင်းလျှော်ပါ
Photo : Freepik
ပုံမှန် ခေါင်းလျှော်ပေးတာက ဗောက်တွေကို ကင်းဝေးစေမယ့် အလွယ်ကူဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ မိုးရာသီမှာ ဦးရေပြား စိုထိုင်းဆပိုများပြီး အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ပိုမိုကပ်ညှိတွယ်လွယ်တာကြောင့် အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်တော့ ခေါင်းလျှော်သန့်စင်ပေးဖို့ လိုပါတယ်။ ခေါင်းလျှော်ခြင်းက ဦးရေပြားပေါ်မှာရှိတဲ့ အဆီထုတ်လုပ်မှုကို ထိန်းသိမ်းပေးတာကြောင့် ဗောက်ဖြစ်စေခြင်းကို ကောင်းမွန်စွာတားဆီးပေးပါတယ်။
(၃) ဆံပင်ကို တက်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ
Photo : The Conversation
အားလုံးသိတဲ့အတိုင်း မိုးရာသီအတွင်းဟာ အချိန်အခါမဟုတ် မိုးရွာတက်တာကြောင့် မိုးရေမထိအောင် နေဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ဒီလို ဦးရေပြားနဲ့ဆံပင်ကို စိုစွတ်စေခြင်းကပဲ ဗောက်တွေဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။ အက်စစ်ဓာတ်ပါတဲ့ မိုးရေက ဦးရေပြားရဲ့ pH အဆင့်ကို ထိခိုက်စေရုံသာမက ဗောက်ထခြင်းကိုပါ ဖြစ်စေပါတယ်။ ဒါကြောင့်အတတ်နိုင်ဆုံး ကွီးတို့ရဲ့ ဦးရေပြားကို ခြောက်သွေ့အောင်ထားဖို့ ကြိုးစားပါ။ အပြင်သွားတဲ့အခါ ထီး သို့မဟုတ် ဦးထုပ် စတဲ့ အကာအကွယ်တစ်ခုခု အမြဲဆောင်သွားသင့်ပါတယ်။
(၄) Hair Styling Products တွေရှောင်ပါ
Photo : Ready Sleek
ဗောက်ပြဿနာ အတွက် အဆိုးဆုံးရန်သူကတော့ Hair Styling Products တွေပါပဲ။ အဓိအားဖြင့် Hair Sprays လို ထုတ်ကုန်တွေဟာ ဦးရေပြားကို ယားယံစေပြီး မှိုနဲ့ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွား စေနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီအတွင်းမှာ ဗောက်ထတာ ၊ ဦးရေပြား ယားယံတာတွေ လျှော့ချဖို့ Hair Styling Products တွေကို အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။
Featured Photo : GQ India