လီဗာပူးအသင်းဟာ ဝုဗ်နဲ့ ဖူလ်ဟမ်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျပန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်မှူး တာကူမီ မီနာမီနို ကို ပြောင်းရွေ့ကြေးပေါင် ၁၇ သန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

Photo : Goalballs.com

အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၁ -၂၀၂၂ ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် အက်ဖ်အေဖလားနဲ့ ခါရာဘောင်းဖလားတို့ ဆွတ်ခူးနိုင်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့ပြီး ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ နည်းပြယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး သွင်း ၃ ဂိုး သွင်း ယူပေးနိုင်ခဲ့ပါတယ်။ မီနာမီနိုဟာ လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အန်းဖီးလ်ကနေ ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပြီး ၎င်းဂျပန်သားကို ဆောက်သမ်တန်၊ လိဒ်နဲ့ မိုနာကို အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နည်းပြကလော့ပ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဂျပန်လက်ရွေးစင် ကြယ်ပွင့်ကို ၎င်းရဲ့ ပွဲထွက်လူစာရင်းမှာ ဦးစားပေးထည့်သွင်းဖို့ ခက်ခဲခဲ့ကြောင်း မတ်လတုန်းက ဝန်ခံသွားခဲ့ပါတယ်။

Photo : Daily Mail

မီနာမီနို ဟာ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ဆဲလ်ဘတ်အသင်းကနေ လီဗာပူးကို ပေါင် ၇.၁၅ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ – ၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွင်း လီဗာပူးအသင်းမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ရာသီ ဒုတိယဝက်မှာ ဆောက်သမ်တန်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ဆောက်သမ်တန်မှာ ၁၀ ပွဲ ကစာပြီးနောက် အန်းဖီးလ်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်မှူး တာကူမီ မီနာမီနို ဟာ လီဗာပူး ကစားသမားဘဝတစ်လျှောက် အသင်းအတွက် ပွဲပေါင်း ၅၅ ပွဲကစားထားပြီး ၁၄ ဂိုး သွင်းယူပေး ထားပါတယ်။

Featured Photo : Daily Mail