မီးနီဖြတ် မောင်းတယ်ဆိုတာ လိင်မှုဆိုင်ရာကျန်းမာရေးအရတော့ ဓမ္မတာလာစဉ်အတွင်း အတူနေခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဓမ္မတာလာတဲ့ရက်မှာ အတူနေတာဟာ အန္တရာယ်ကင်းပါသလား။ အတူနေလို့ရော ရပါ့မလား။ Safe ဖြစ်ပါရဲ့လား။ ကိုယ်ဝန်ရနိုင်ခြေရောရှိလား စသည်ဖြင့် လူတော်တော်များများ သိချင်ကြတဲ့ မီးနီဖြတ်ခြင်းနဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ မေးခွန်းအချို့ကို ဒီဆောင်းပါးလေးမှာ ဆွေးနွေးပေးသွားချင်ပါတယ်။

ဓမ္မတာလာချိန်အတွင်း အတူနေလို့ ရပါသလား?

sex during menstruation

Photo : TheTorah.com

ဓမ္မတာလာနေချိန်မှာ အတူနေလို့ ရပါတယ်။ သို့သော် ဓမ္မတာလာချိန်အတွင်း အတူနေတာက လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေရဲ့ ကူးစက်နိုင်ခြေနှုန်း ပိုများပါတယ်။ နောက်တစ်ချက်က ကိုယ်ဝန်ရနိုင်လား ဆိုတာပါ။ ဓမ္မတာလာနေစဉ်မှာ ကိုယ်ဝန်ရနိုင်ခြေနည်းတယ်လို့ ပြောလို့ရပေမယ့် အပြည့်အဝစိတ်လို့မရတဲ့ အနေအထားမှာ ရှိပါတယ်။

ပျှမ်းမျှအားဖြင့် ရာသီမပေါ်ခင် ၂ ပတ်အလို မျိုးဥကြွေချိန်မှာ အတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေများပါတယ်။ သို့သော် အမျိုးသမီးတွေမှာ ရာသီစက်ဝန်းဟာ တစ်ဦးနဲ့တစ်ဦးကြား ကွဲပြားမှုရှိပြီး ရာသီစက်ဝန်းရဲ့ ကြာချိန်ကလည်း ကွဲပြားနိုင်သလို တစ်လနဲ့တစ်လလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

The American College Of Obstetricians And Gynecologists ရဲ့ အဆိုအရ အမျိုးသမီးအများစုဟာ ၂၈ ရက်မှာတစ်ကြိမ် ရာသီပေါ်တက်ပါတယ်။ ၂၈ ရက်မှာ ပုံမှန်ရာသီပေါ်တဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီပေါ်ပြီး တစ်ပတ်အတွင်း အတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ အကယ်၍ ရာသီစက်ဝန်းတိုတယ် ၊ ၂၂ ရက်စက်ဝန်း ဖြစ်တယ်ဆိုရင်တော့ ရာသီလာနေချိန်အတွင်းမှာ ချစ်တင်းနှောမိရင် ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ အကြောင်းက သုက်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ၃ ရက်ကနေ ၇ ရက်အထိ အသက်ရှင်နေနိုင်တာကြောင့်ပါ။

မီးနီဖြတ် မောင်းရင် အကာအကွယ်သုံးဖို့ လိုအပ်ပါသလား?

sex during menstruation

Photo : MEL Magazine

ဓမ္မတာလာနေစဉ် အတူနေမယ်ဆိုရင်တော့ ကွန်ဒုံးကဲ့သို့ အကာအကွယ်တွေအသုံးပြုတာ အကောင်းဆုံးပါပဲ။ အကာအကွယ် အသုံးပြုခြင်းက STIs ကူးစက်မှုမှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ဝန်ရနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ တကယ်လို့ သင်ရော သင့်ပါတနာက
Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်မှု ရှိပါက အခြားကာကွယ်မှုပုံစံတွေကို ဆရာဝန်ထံဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။

ဓမ္မတာလာချိန် အတူနေခြင်းဆိုင်ရာ အကြံပြုချက်များ

sex during menstruation

Photo : Daily Active

မီးနီဖြတ် မောင်းတဲ့အခါ ပိုမို သက်တောင့်သက်သာရှိစေဖို့ နှစ်ဦးသား သာယာပျော်ရွှင်တဲ့ ခံစားမှုကို ရရှိနိုင်စေဖို့ အကြံပြုချက်အချို့ကို မျှဝေပေးပါမယ်။

သင့် ပါတနာနဲ့ ရိုးသားပွင့်လင်းမှုရှိပါ။ ဓမ္မတာလာချိန် အတူနေတာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရလဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ သင်ရော သင့်ပါတနာ နှစ်ယောက်လုံး ချီတုံချတုံ ဖြစ်နေပါက စိတ်မသက်မသာဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပြောပြတိုင်ပင်ပါ။

သင့်ပါတနာက Tampon အသုံးပြုပါက အတူမနေခင် Tampon ကို ဖယ်ရှားထားပါ။

အတူနေချိန်မှာ ရာသီသွေး ယိုစိမ့်မှုရှိနိုင်တာကြောင့် သန့်စင်တဲ့ တဘက်သို့မဟုတ် ပုဝါတွေကို ခန္ဓာကိုယ်အောက်မှာ ဖြန့်ခင်းထားပါ။ အကယ်၍ အိပ်ရာပေါ်မှာ ရာသီသွေးစွန်းထင်းမှာ စိတ်ပူတယ်ဆိုရင် ရေချိုးခန်းလို နေရာက စဉ်းစားသင့်တဲ့ အချက်တစ်ခုပါပဲ။

အလွယ်တကူ သန့်ရှင်းရေး လုပ်နိုင်ဖို့ စိုစွတ်တဲ့ အဝတ်သန့် ဒါမှမဟုတ် တစ်ရှူးတို့ကို အနီးနားမှာ ထားရှိပါ။

ကလေးယူဖို့ ရည်ရွယ်ချက်မရှိသေးပါက သို့မဟုတ် လိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ချင်တယ်ဆိုပါက ကွန်ဒုံးမဖြစ်မနေ အသုံးပြုပါ။

အတူနေတဲ့အခါ သက်တောင့်သက်သာဖြစ်တဲ့ ကိုယ်နေဟန်ထားရှိဖို့ကလည်း အရေးကြီးပါတယ်။ ဥပမာကိုယ်ခန္ဓာကို ဘေးတစောင်းလဲလျောင်းလျက်အနေအထားက ဆက်ဆံချိန်မှာ ပိုမိုသက်တောင့်သက်သာရှိစေပြီး သာယာမှုကို ခံစားရနိုင်ပါတယ်။

Featured Photo : Cosmopolitan