Circumcision လို့ခေါ်တဲ့ လိင်တံအရေဖျားထိပ် ဖယ်ရှားခြင်းကို အသက်ကြီးမှ လုပ်လို့ရပါသလား။ သုတေသန ပြုချက်တွေအရ Circumcision လုပ်ငန်းစဉ်ကို အမေရိကတဝှမ်းမှာ အမျိုးသားပေါင်း ၇၁.၂ ရာခိုင်နှုန်းခန့် ခံယူထားကြတယ်လို့ ဆိုပါတယ်။ Centers for Disease Control and Prevention (CDC) ရဲ့ ပြောကြားချက်အရ လိင်တံအရေဖျား ဖြတ်တောက်ထားခြင်းဟာ လိင်မှတဆင့် HIV ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။ အရွယ်ရောက်ပြီးသူတစ်ဦးအနေနဲ့ ဘာသာရေး ၊ ဆေးဘက်ဆိုင်ရာ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ Circumcision လုပ်ငန်းစဉ်ကို ခံယူဖို့ ဆုံးဖြတ်ကြပါတယ်။ ပုံမှန်အားဖြင့် မွေးကင်းစကလေးအရွယ်မှာ လိင်တံအရေဖျားထိပ် ဖယ်ရှားတာဟာ ကထိကတအနည်းဆုံးနဲ့ အကောင်းဆုံးလို့ ပြောလို့ရပေမယ့် အရွယ်ရောက်ပြီးနောက်ပိုင်းမှလည်း လိင်တံအရေဖျား ဖယ်ရှားဖြတ်ထုတ်လို့ ရနိုင်ပါတယ်။

အသက်ကြီးမှ လိင်တံအရေဖျားထိပ် ဖယ်ရှားတာဟာ ဘယ်လို Risks တွေ ရှိပါသလဲ

adult circumcision

Photo : South China Morning Post

အရွယ်ရောက်ပြီးမှ လိင်တံအရေဖျားထိပ် ဖယ်ရှားတာဟာ ကလေးဘဝတုန်းကနဲ့ မတူညီတဲ့အချက်တွေ အများကြီးရှိနေပါတယ်။ ဂရုစိုက်ရမယ့် အချက်တွေပိုများသလို ၊ နာကျင်မှုရာခိုင်နှုန်းကလည်း ပိုပါတယ်။ အသက်ကြီးမှ လိင်တံအရေဖျားထိပ် ဖယ်ရှားတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်အချို့ကို အောက်မှာဆက်ပြီး လေ့လာကြည့်ရအောင်ပါ။

သွေးထွက်နိုင်တယ် – အချို့သော အမျိုးသားတွေမှာ ပုံမှန်ထက်ပိုပြီး အလွန်အကျွံသွေးထွက်တဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက် နာရီအနည်းငယ်အတွင်း ဒါမှမဟုတ် ရက်အနည်းငယ်ကြာပြီးနောက် ခွဲစိတ်မှုပြုလုပ်ထားရာ လိင်အင်္ဂါ တစ်ဝိုက်မှာ သွေးထွက်တာမျိုး ဖြစ်တက်ပါတယ်။

ပိုးဝင်နိုင်တယ် – အရေပြားပေါ်မှာ ဒဏ်ရာတစ်စုံတစ်ရာဖြစ်ပြီဆိုရင် ဘက်တီးရီးယားတွေပေါက်ပွားလို့ အလွန်လွယ်ကူပါတယ်။ လိင်တံ အရေဖျားဖြတ်တောက်ရာမှာလည်း ထို့နည်းတူစွာပဲ ရောဂါပိုးကူးစက်နိုင်ခြေ ရှိပါတယ်။ အကယ်၍ ခွဲစိတ်ကုသမှု ခံယူပြီးနောက်မှာ ဆရာဝန်ညွှန်ကြားအတိုင်း သေချာဂရုတစိုက် လိုက်နာမယ်ဆိုရင် ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါမှာ။

မေ့ဆေးရဲ့နောက်ဆက်တွဲ ပြဿနာတွေ ကြုံရနိုင်တယ် – လူတိုင်းတော့ မဟုတ်ပေမယ့် အချို့လူတွေမှာ မေ့ဆေးနဲ့ ဓာတ်မတည့်တဲ့ ပြဿနာလေးတွေ ရှိတက်ပါတယ်။ ခွဲစိတ်မှုအတွင်း အသုံးပြုခဲ့တဲ့ မေ့ဆေးပြဿနာကြောင့် ဓာတ်မတည့်မှုဖြစ်တာ ၊ ပျို့အန်တာ ၊ အော့အန်တာနဲ့ မေ့ဆေးပျယ်ချိန်မှာ ပုံမှန်လူတစ်ယောက်လို ပြန်လည်သတိရဖို့ ခက်ခဲတာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

နာကျင်မှု ခံစားရနိုင်တယ် – ခွဲစိတ်ပြီးနောက်မှာ နာကျင်မှု ခံစားရတာက ပုံမှန်ပါပဲ။ အချို့လူတွေအတွက် နာကျင်မှုမှာ ပြင်းထန်တက်ပြီး ရက်သတ္တပတ် ကနေ လပိုင်းလောက်အထိ ကြာတက်ပါတယ်။ ခွဲစိတ်မှုအတွင်း လိင်တံ သို့မဟုတ် လိင်တံတဝိုက်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်မိတယ်ဆိုပါက နာတာရှည်နာကျင်မှုခံစားရနိုင်သလို သို့မဟုတ် လိင်ဆက်ဆံချိန်မှာလည်း နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။

adult circumcision

Photo : Medical News Today

ခွဲစိတ်မှုအပြီးမှာ ခွဲစိတ်ထားတဲ့ လိင်အင်္ဂါ အနီးတဝိုက်ကို ရေမစိုအောင်ထားရတာ ၊ အညှော်ရှောင်တာ ၊ ခွဲစိတ်ပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း တစ်ကိုယ်ရည်အာသာဖြေခြင်း လိင်ဆက်ဆက်ခြင်း မပြုရတာ ၊ ကျပ်ထုပ်တဲ့ ဘောင်းဘီတွေဝတ်ဆင်ခြင်းကို ရှောင်ရတာ စသည်ဖြင့် လိုက်နာရမယ့် ကထိကထများစရာ အချက်လေးတွေလည်း ရှိနေပါသေးတယ်။ ဆရာဝန်အနေနဲ့ ခွဲစိတ်မှုအပြီးမှာ နာကျင်ကိုက်ခဲမှုဝေဒနာ တက်နိုင်သမျှ လျော့ကျအောင် အကိုက်အခဲပျောက်ဆေးအချို့ကိုလည်း ပေးနိုင်ပြီး ဆောင်ရရှောင်ရမယ့် နေထိုင်မှုပုံစံတွေကိုလည်း ပြောပြပေးပါလိမ့်မယ်။

အသက်ကြီးမှ လိင်တံအရေဖျားထိပ် ဖြတ်တောက်ထားသူတွေအနေနဲ့ လုံးဝပြန်လည်ကောင်းမွန်ဖို့ အချိန်အားဖြင့် ၆ ပတ်ခန့် ကြာနိုင်ပါတယ်။ ခွဲစိတ်မှုခံယူထားတဲ့ လိင်တံဟာ ပထမ ၂ ပတ်အတွင်း အလွန်ထိလွယ်ရှလွယ် ခံစားနေရနိုင်ပြီး ချုပ်ရိုးကျက်ဖို့ အချိန် ၂ ပတ်ကနေ ၃ ပတ်ခန့်အထိ အထိကြာနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ လိင်အင်္ဂါ တဝိုက်ကို ၄၈ နာရီလောက် ခြောက်သွေ့အောင်ထားဖို့လိုပြီး နောက် ၂ ပတ်အထိ ရေကူးခြင်း ၊ ရေစိမ်ခြင်းတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

လိင်ဆက်ဆံတာ ၊ တစ်ကိုယ်ရည်အာသာဖြေတာတွေလို လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကိုတော့ ၄ ပတ်ကြာအထိ ရှောင်ကြဉ်ပေးရမှာ ဖြစ်ပြီး လုံးဝပြန်လည်ကောင်းမွန်သွားချိန်မှာတော့ လိင်တံထောင်စဉ် နာကျင်မှုအနည်းငယ်ကို ခံစားရနိုင်ပါတယ်။ အနာကျက်မြန်စေဖို့ လိမ်းဆေးလိမ်းတာ ၊ ဆေးသောက်တာတွေ လုပ်နိုင်ပေမယ့် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ကအရေးကြီးပါတယ်။

အသက်ကြီးမှ သို့မဟုတ် အရွယ်ရောက်ပြီးနောက်မှာ လိင်တံအရေဖျားထိပ် ဖယ်ရှားတာဟာ ကထိကထအနည်းငယ် များတယ်ဆိုပေမယ့်လည်း ပြန်ရမယ့် ကျန်းမာရေးကောင်းကျိုးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တန်တယ်လို့ ပြောရမှာပါပဲ။ Circumcision လုပ်ခြင်းကနေ ရနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ဒီ Link (Circumcision) ကနေ တဆင့်ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

ကွီးတို့အနေနဲ့ အသက်ကြီးမှ လိင်တံအရေဖျား ဖယ်ရှားဖို့ ဆုံးဖြတ်ထားတယ်ဆိုပါက စိတ်ချယုံကြည်ရတဲ့ ဆေးရုံဆေးခန်းတွေမှာ တက်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ခွဲစိတ်ကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Giddy