မုတ်ဆိတ်မွေး ထားတာဟာ အမျိုးသားတစ်ယောက်ကို ပိုပြီးဆွဲဆောင်မှုရှိစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ယောကျာ်းပီသမှု ၊ တည်ကြည်ခန့်ညားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းတွေရဲ့ သွင်ပြင်လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကွီးတို့အနေနဲ့ မုတ်ဆိတ်မွေးထားမယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ မုတ်ဆိတ်စတိုင် ကိုတော့ ရွေးချယ်ထားတက်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေ ရွေးချယ်သင့်တဲ့ ၂၀၂၂ ခုနှစ် အတွက် အကောင်းဆုံး မုတ်ဆိတ်စတိုင် ၅ ခု ကိုပြောပြပေးချင်ပါတယ်။

(၁) 5 O’clock Shadow

Photo : The Manual

Classic ဆန်ပြီး Timeless ဖြစ်တဲ့ မုတ်ဆိတ်စတိုင် မျိုးထားချင်ရင်တော့ 5 O’clock Shadow က ကွက်တိပါပဲ။ သူက မုတ်ဆိတ်အခုမှ စထားမယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ခပ်တိုတို ခပ်ပါပါး မုတ်ဆိတ်စတိုင်တစ်ခု ဖြစ်တဲ့အတွက် ထိန်းသိမ်းရလွယ်ပြီး ဘယ်လိုမျက်နှာကျမျိုးနဲ့မဆို လိုက်ပါတယ်။ မျိုးရိုးဗီဇကြောင့် မုတ်ဆိတ်မသန်တဲ့ သူတွေလည်း ထားနိုင်မယ့် မုတ်ဆိတ်စတိုင်တစ်ခုဖြစ်ပြီး ရှင်းရှင်းလင်းလင်းနဲ့ ဆွဲဆောင်မှု ရှိစေပါတယ်။

(၂) Scruff

Photo : The Manual

Scruff မုတ်ဆိတ်စတိုင် ကတော့ သာမန်ထက် ပိုရှည်ပြီး အုံနည်းနည်း ထူပါတယ်။ ယောကျာ်းပီသမှုအပြည့်နဲ့ အရိုင်းဆန်ဆန် ဆွဲဆောင်မှုရှိချင်ရင်တော့ ဒီမုတ်ဆိတ်စတိုင်ကို ရွေးချယ်သင့်ပါတယ်။ လိုချင်တဲ့ မုတ်ဆိတ်အရှည်နဲ့ အုံအထူ အနေအထားရပြီဆိုတာနဲ့ ပုံမှန်လေး မုတ်ဆိတ်မွေး ညှပ်ခြင်း ၊ ပုံသွင်းခြင်းတွေကိုတော့ လုပ်ပေးဖို့ လိုပါတယ်။ ဒါမှလည်း မုတ်ဆိတ်မွေးက ညီညီညာညာနဲ့ အချိုးကျနေစေမှာပါ။ မုတ်ဆိတ်မွေး အနည်းငယ်ရှည်ပြီး အုံထူတဲ့အတွက် ယားယံမှုကို ဖြစ်စေတက်လို့ Beard Oil အသုံးပြုဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

(၃) Business Beard

Photo : The Manual

Business Beard ကတော့ တည်ကြည်ခန့်ညားတဲ့ အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး မုတ်ဆိတ်စတိုင် တစ်ခုပါ။ လူကြီးလူကောင်းဆန်ဆန်နဲ့ ဆွဲဆောင်မှု ရှိချင်ရင်တော့ ဒီမုတ်ဆိတ်စတိုင်က လုံးဝအဆင်ပြေပါတယ်။ Business Beard မုတ်ဆိတ်စတိုင်ရဲ့ လျို့ဝှက်ချက်ကတော့ မုတ်ဆိတ်အရှည်ကို တစ်လက်မခွဲ ကနေ ၁ လက်မကြား အညီညာဖြတ်တောက်ပြီး ပုံသွင်းပေးဖို့ပါပဲ။ လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသားတွေ ရွေးချယ်ဖို့သင့်တော်ပြီး တည်ကြည်ပြတ်သား ယောကျာ်းပီသတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

(၄) Viking Beard

Photo : The Manual

Viking Beard ဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက လူကြိုက်များခဲ့ပြီး အခုတဖန် ပြန်လည်ရေပန်းစားလာတဲ့ မုတ်ဆိတ်စတိုင်တစ်ခု ဖြစ်ပါတယ်။ မုတ်ဆိတ်သန်သူတွေထားနိုင်တဲ့ အကောင်းဆုံး မုတ်ဆိတ်စတိုင် တစ်ခုဖြစ်ပြီး အုံထူထူနဲ့ ယောက်ျားပီသမှု အပြည့်ရှိစေပါတယ်။ ရာသီဥတုအေးတဲ့ နေရာဒေသတွေမှာ မျက်နှာကို အနွေးဓာတ်ပေးနိုင်သလို ဖက်ရှင်လည်းကျတဲ့ မုတ်ဆိတ်ပုံစံအဖြစ် နာမည်ကြီးပါတယ်။ မုတ်ဆိတ်အုံထူတဲ့အတွက် ပုံမှန်ဖြီးတာ ၊ သန့်ရှင်းရေးလုပ်တာ ၊ တိတာညှပ်တာတွေအတွက် စိတ်ရှည်ရှည်နဲ့ အချိန်ပေးဖို့ လိုပါလိမ့်မယ်။

(၅) Beardstache

Photo : The Manual

Beardstache ကတော့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ အမျိုးသားတွေကြားမှာ ရေပန်းစားနေဆဲ မုတ်ဆိတ်စတိုင် တစ်ခုဖြစ်ပါတယ်။ နှုတ်ခမ်းမွေးက မုတ်ဆိတ်မွေးထက် ပိုရှည်အောင်ထားရတဲ့ ပုံစံမျိုးပါ။ မုတ်ဆိတ်မွေးက ခပ်တိုတိုခပ်စစ ဖြစ်လို့ မေးရိုးလှတဲ့ မျက်နှာကျရှိသူတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ တည်ကြည်ခန့်ညားတဲ့ အမျိုးသားတစ်ယောက်အသွင်ကို ဖော်ဆောင်ပေးမယ့် မုတ်ဆိတ်စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Photo : The Trend Spotter