ကျွန်တော်တို့ ယောကျ်ားလေးတွေကြားမှာ အမေးအများဆုံး မေးခွန်းတစ်ခုက မုတ်ဆိတ်မွေး သန်အောင်ဘာလုပ်ရမလဲ ဆိုတာပါပဲ။ မုတ်ဆိတ်မွေးထူထူထည်ထည်နဲ့ ခန့်ညားမှုရှိခြင်းဟာ ယောက်ျားပီသတဲ့ Alpha Male တစ်ယောက်ရဲ့ အသွင်အပြင် လက္ခဏာတစ်ခုလို့ အမျိုးသားတွေကြားမှာ လက်ခံထား ကြပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်ပြီး အသက် ၂၀ ကျော်ဝန်းကျင် အရွယ်ကစလို့ မုတ်ဆိတ်မွေးထူထူထည်ထည်နဲ့ တည်ကြည်ခန့်ညားတဲ့ အမျိုးသား တစ်ယောက်အသွင်ကို ပုံသွင်းလိုကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ မုတ်ဆိတ်မွေး သန်ဖို့ ဘာလုပ်ရမလဲ မေးနေကြတဲ့ ကွီးတို့အတွက် သိထားရမယ့် ဆေးဖက်ဆိုင်ရာ ကုသနည်းတွေ ၊ မုတ်ဆိတ်သန်ဖို့ သုံးသင့်တဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ အကြံပြုချက် တချို့ကို ပြောပြပေးချင်ပါတယ်။

မုတ်ဆိတ်မွေး သန်ဖို့ အကြောင်းမပြောခင် မုတ်ဆိတ်ကြီးထွားမှု အားနည်းရခြင်းရဲ့ အကြောင်းအရင်းတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ်


Photo : Medium

မျိုးရိုးဗီဇ – အမျိုးသား တစ်ယောက် မုတ်ဆိတ်မွေးသန်ခြင်း မသန်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဥပမာအားဖြင့် အာရှသား တရုတ်နွယ်ဖွား အမျိုးသားတွေဟာ အနောက်တိုင်းသားတွေထက် မုတ်ဆိတ်မွေးသန်စွမ်းမှုပိုင်းမှာ အားနည်းကြပါတယ်။

ဟော်မုန်းဆိုင်ရာပြဿနာ – ပုံမှန်အားဖြင့် Hypogonadism ရလဒ်အဖြစ် Testosterone ပမာဏနည်းပါးခြင်းဟာ မုတ်ဆိတ်ကြီးထွားမှုကို နှောင့်နှေးစေနိုင်ပါတယ်။

အာဟာရချို့တဲ့ခြင်း – အာဟာရဓာတ် ချို့တဲ့ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အမွေးအမျှင် သန်စွမ်းမှုကို အားနည်းစေပါတယ်။ အဓိကအားဖြင့် ပရိုတင်းဓာတ် အပါအဝင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတအောင် မစားပေးဘူးဆိုရင် Testosterone ထုတ်လုပ်မှုကို လျော့ကျစေပြီး မုတ်ဆိတ်မွေးပါးတာ ၊ သန်းစွမ်းမှု အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။

ဆေးဝါးများ – အမျိုးမျိုးသော ဆေးဝါးတွေ ဒါမှမဟုတ် ဓာတုကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ မုတ်ဆိတ်နဲ့ ဆံပင်တွေရဲ့ ကြီးထွားသန်စွမ်းမှုကို လျော့ကျစေတာ ဖြစ်ပါတယ်။

အသက်အရွယ် – ဆံပင်ကျွတ်ခြင်း ၊ ထိပ်ပြောင်ခြင်းနဲ့ မုတ်ဆိတ်မွေးသန်စွမ်းမှု အားနည်းဟာ သဘာဝအတိုင်း အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

မုတ်ဆိတ် သန်ဖို့ ဆေးဖက်ဆိုင်ရာ ကုထုံးများ


Photo : Bald & Beards

မုတ်ဆိတ် သန်ဆေး – Minoxidil ဟာ FDA အသိအမှတ်ပြုထားတဲ့ မုတ်ဆိတ်မွေးပါးလွှာခြင်းအတွက် တစ်ခုတည်းသော အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒီကုထုံးဟာ ပုံမှန်အားဖြင့် ဦးရေပြားနဲ့ ဆံပင်အတွက် ထုတ်ထားတဲ့ ဆေးဖြစ်ပေမယ့် မုတ်ဆိတ်မွေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။

မုတ်ဆိတ် အစားထိုး ကုထုံး – ထိပ်ပြောင်တဲ့ သူတွေအတွက် ဆံပင်အစားထိုး စိုက်တဲ့ ကုထုံးလိုပါပဲ မုတ်ဆိတ်မွေး အစားထိုးစိုက်တဲ့ ကုထုံး ခံယူနိုင်ပါတယ်။ မုတ်ဆိတ် အစားထိုး ကုထုံး မခံယူမီ သေချာနားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါမယ်။

မုတ်ဆိတ်မွေး သန်းစွမ်းဖို့ သုံးပေးသင့်တဲ့ ထုတ်ကုန်ပစ္စည်းများ

Photo : The Manual

Beard Balm – Beard Balm ဆိုတာကတော့ ယေဘုယျအားဖြင့် မုတ်ဆိတ်မွေးကို ပုံသွင်းရာမှာ အသုံးပြုလေ့ရှိကြပြီး မုတ်ဆိတ်မွေး ပိုမို ထူထည်လာစေဖို့ သုံးကြပါတယ်။ Beard Balm တွေက မုတ်ဆိတ်မွေးကို အစိုဓာတ်ထိန်းပေးပြီး နူးညံ့ပျော့ပျောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဈေးကွက်ထဲမှာတော့ Beard Balm အမျိုးအစား များစွာ ဝယ်ယူရရှိနိုင်ပြီး မုတ်ဆိတ်မွေးယားယံခြင်းကို ဖြစ်စေတဲ့ Petroleum Jelly-Based Balms တွေထက် Cocoa Butter ၊ Shea Butter နဲ့ ပျားဖယောင်းတို့လို သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ Beard Balm တွေကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။

Beard Oil – ဦးရေပြား ဆံသား သန်စွမ်းဖို့ ဆီ လိမ်းပေးရသလိုပါပဲ မုတ်ဆိတ်မွေး ကျန်းမာသန်စွမ်းဖို့ ဆိုရင် Beard Oil လိမ်းပေးရမှာ ဖြစ်ပါတယ်။ Beard Oil တွေက မုတ်ဆိတ်မွေးကို အာဟာရဓာတ် ဖြည့်တင်းပေးပြီး နူးညံ့စေရုံမက မုတ်ဆိတ်အရေပြားကိုလည်း ရေဓာတ်ဖြည့်ပေးတာကြောင့် မုတ်ဆိတ်မွေး ယားယံခြင်းကို လျော့ကျသက်သာစေပါတယ်။ ဒါ့အပြင် မုတ်ဆိတ်မွေးကို ဆီနဲ့ လိမ်းကျံနှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး မုတ်ဆိတ်မွေးကြီးထွားမှုကို ပိုမိုကောင်းမွန်စေပါတယ်။

Beard Shampoo – တစ်ကိုယ်ရေသန့်ရှင်းမှု ထိန်းသိမ်းဖို့နဲ့ မုတ်ဆိတ်မွေးကြီးထွားမှုနှုန်းကို ဟန့်တားနိုင်တဲ့ ရောဂါပိုးမွှား ပြဿနာတွေကို ကာကွယ်နိုင်ဖို့ဆိုရင် မုတ်ဆိတ်တွေကို ပုံမှန်ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ မျက်နှာအသားအရေဟာ ထိခိုက်လွယ်တာကြောင့် မုတ်ဆိတ်မွေးတွေကို ဆေးကြောသန့်စင်ဖို့ ပုံမှန်ခေါင်းလျှော်ရည်တွေ လုံးဝမသုံးသင့်ပါဘူး။ မုတ်ဆိတ်မွေးအတွက် သီးသန့်ထုတ်ထားတဲ့ Beard Shampoo တွေနဲ့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် ဆေးကြောသန့်စင်ပေး နိုင်ပါတယ်။

Beard Dye – မုတ်ဆိတ်ဆေးဆိုးခြင်းဟာ မုတ်ဆိတ် သန်စွမ်းခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေမယ့် မုတ်ဆိတ်မွေးတွေကို နက်မှောင်နေစေတာကြောင့် မုတ်ဆိတ်မွေး ပိုများသယောင်ထင်ရစေပြီး ပိုမိုထူထည်တဲ့အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ မုတ်ဆိတ်ဆိုးဆေးက အရောင်ခပ်ဖျော့ဖျော့ မုတ်ဆိတ်မွေးရှိသူတွေအတွက် အထူးအသုံးဝင်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။

မုတ်ဆိတ်မွေးကို ပုံသွင်းပါ

Photo : Senac

ကွီးတို့ရဲ့ မုတ်ဆိတ်ကို ပုံမှန် Grooming ပြုလုပ်ပေးတာက ကျန်းမာသန်စွမ်းပြီး ထူထူထည်ထည်ရှိတဲ့ မုတ်ဆိတ်မွေးကို ရဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆင့်တစ်ခု ဖြစ်ပါတယ်။ မုတ်ဆိတ်မွေး အဖျားတွေ မညီမညာဖြစ်နေတဲ့အခါတွေမှာ အဖျားတွေကို ညှိပေးတာမျိုး လုပ်သင့်ပါတယ်။ မုတ်ဆိတ်မွေးတွေကို အချိန်မီ တိတာ ၊ ညှိတာမျိုးလုပ်ပေးတာက မုတ်ဆိတ်မွေးတွေကို ရှုပ်ထွေးပြီး လိမ်ကောက်ကောက် မုတ်ဆိတ်မွေးတွေထွက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ မုတ်ဆိတ်မွေးထူထူထည်ထည်နဲ့ ကိုယ်လိုချင်တဲ့ မုတ်ဆိတ်မွေးစတိုင်မျိုးရဖို့ အချိန်တစ်ခုအပ်တာကြောင့် စိတ်ရှည်ရှည်နဲ့ ထိန်းသိမ်းမှု ပုံမှန် ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : FashionBeans