မေလဆိုတာ အနောက်နိုင်ငံတွေမှာ နွေဦးရာသီ Springtime မှာ အကျုံးဝင်တဲ့ လပါ။ အနောက်နိုင်ငံတွေအဖို့ ခြေခင်းလက်ခင်း သာယာတဲ့ ကာလဖြစ်ပြီး ကျွန်တော်တို့ဆီမှာတော့ ကျောကော့အောင် ပူတဲ့ ကာလမျိုးပါပဲ။ သာယာတဲ့ လတွေမှာ လူဖြစ်လာတဲ့သူတွေအဖို့ အနုပညာခံစားတတ်ခြင်း , အနုပညာဖန်တီးတတ်ခြင်းမှာ သူတကာထက် ပိုမယ်လို့ ထင်ပါတယ်။ မေလထဲမှာ ကမ္ဘာကျော် အနုပညာရှင်ပေါင်းများစွာ မွေးဖွားခဲ့ပြီး ဒီထဲမှာ အခုပြောမယ့် အဆိုတော် တွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

(၁) Chris Brown

Photo : PopCrush

ကမ္ဘာကျော် အမေရိကန် အဆိုတော် ၊ တေးရေး ၊ Dancer ၊ ဂရက်ဖ်တီ အနုပညာရှင် နဲ့ သရုပ်ဆောင်လည်း ဖြစ်တဲ့ Christ Brown ( နာမည်ရင်း Christopher Maurice Brown) ကို ၁၉၈၉ ခုနှစ် မေလ ၅ ရက်နေ့မှာ မွေးပါတယ်။ Billboard ရဲ့ အအောင်မြင်ဆုံး နဲ့ ဩဇာအကြီးဆုံး R&B အဆိုတော်တွေထဲက တစ်ဦးပါ။ သူ့ကို Usher ၊ R. Kelly တို့နဲ့ တွဲပြီး King Of R&B အဖြစ်ပါ သတ်မှတ်ထားပါတယ်။
ဗာဂျီးနီးယား ပြည်နယ် Tappahannock ဖွား Christ Brown ဟာ ကလေးကတည်းက ဘုရားကျောင်း ဓမ္မတေးသံပြိုင်အဖွဲ့မှာ ပါခဲ့သလို ဒေသတွင်းမှာ လုပ်တဲ့ စွမ်းရည်ပြ Talent Show တွေမှာလည်း အနုပညာပါရမီကို ချပြခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်မှာ Jive Records နဲ့ စာချုပ်ချုပ်ပြီး နောက်တစ်နှစ်မှာ အချပ်ရေသုံးသန်းအထိ ရောင်းချနိုင်ခဲ့တဲ့ Christ Brown အယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။

Christ Brown ရဲ့ Run It သီချင်းဟာ Billboard Hot 100 မှာ ထိပ်ဆုံးက ပေါက်သွားခဲ့ပါတယ်။ ဒါဟာ ၁၉၉၅ ခုနှစ်က စလို့ Billboard Hot 100 မှာ နံပါတ်တစ် ဖြစ်ခဲ့တဲ့ ပထမဆုံး အမျိုးသားအဆိုတော်ရဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒုတိယမြောက်အယ်လ်ဘမ် Exclusive (2007) မှာ ငွေကြေးအရလည်း အကြီးအကျယ် အောင်မြင်ခဲ့ပြီး Kiss Kiss သီချင်းဟာ Billboard Hot 100 မှာ နောက်တစ်ကြိမ် နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အချပ်ရေ ၁၉၃ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် အရောင်းရဆုံး အဆိုတော်ဖြစ်လာခဲ့ပါတယ်။ ဂီတအနုပညာသက်တမ်းမှာ Grammy Award တစ်ခု ၊ BET Awards ၁၈ ခု ၊ Billboard Music Awards ၄ ဆု နဲ့ Soul Train Music Awards ၁၃ ခု အပါအဝင် ဆုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

(၂) Adele

Adele

Photo : times

Adele နဲ့ Christ Brown တို့ဟာ မေလ ၅ ရက်မှာ ဖွားတာချင်း တူပြီး Adele က Christ Brown ထက် တစ်နှစ်ကြီးပါတယ်။ ၁၉၈၈ ခုနှစ်ဖွား  ကမ္ဘာကျော် အင်္ဂလန်အဆိုတော် Adele ( နာမည်အရင်း Adele Laurie Blue Adkins ) ဟာလည်း ကမ္ဘာ့အရောင်းရဆုံး အဆိုတော်တစ်ဦးဖြစ်ပြီး စုစုပေါင်း သီချင်းခွေ သန်း ၁၂၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ BRIT School ကနေ အနုပညာရပ်နဲ့ ဘွဲ့ရပြီးနောက် အနုပညာလောကထဲ ဝင်လာခဲ့တဲ့ သူမဟာ ပထမဆုံး အယ်လ်ဘမ် 19 မှာတင် ပေါက်သွားခဲ့ပြီး ဒီထဲက Chasing Pavements နဲ့ Make You Feel My Love သီချင်းတွေဟာ ယူကေရဲ့ ထိပ်တန်းသီချင်း ၅ ပုဒ်စာရင်းဝင်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ ယူကေမှာ အချပ်ရေ 8x Platinum (၂.၄ သန်း) ၊ နဲ့ အမေရိကန်မှာ 3x Platinum ( အချပ်ရေ ၉ သိန်း) ရောင်းချနိုင်ခဲ့ပြီး Brit Award For Rising Star နဲ့ Grammy Award for Best New Artist ဆုတွေ ရခဲ့ပါတယ်။

၂၀၁၁ မှာ ဖြန့်ချိတဲ့ ဒုတိယမြောက် အယ်လ်ဘမ် 21 ဟာ ၂၁ ရာစုရဲ့ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် စာရင်းဝင်ခဲ့ပြီး အချပ်ရေ ၃၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ယူကေမှာ 17x Platinum ( အချပ်ရေ ၅.၄ သန်း) အထိ ရောင်းချနိုင်ခဲ့ပြီး တစ်ဦးချင်းအလိုက် သမိုင်းတစ်လျှောက် အမြင့်ဆုံး ရောင်းအားရခဲ့တာ ဖြစ်ပါတယ်။ 21 အယ်လ်ဘမ်ဟာ US Billboard 200 Chart ရဲ့ နံပါတ်တစ်နေရာမှာ ၂၄ ပတ်အထိ ရပ်တည်နိုင်ခဲ့ပြီး ဒီအယ်လ်ဘမ်ကြောင့် Album Of The Year အပါအဝင် Grammy Award ၆ ခု ၊ Brit Award For British Album Of The Year ဆုတွေလည်း ရခဲ့ပါတယ်။ နောက်တစ်နှစ်မှာ ထွက်တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားနာမည်နဲ့ သီချင်း Skyfall နဲ့လည်း သူမဟာ Academy Award နဲ့ Golden Globe Award For Best Selling Song ဆုတွေ ရခဲ့ပါတယ်။ Adele ဟာ Grammy Awards ၁၅ ဆု ၊ Brit Awards ၁၂ ဆု တို့ ရရှိထားတဲ့ အဆိုတော် လည်း ဖြစ်ပါတယ်။

(၃) Buckethead

Buckethead

Photo : grunge

လော့စ်အိန်ဂျလိစ်အခြေစိုက် ကမ္ဘာကျော် အမေရိကန်ရော့ခ်ဂီတအဖွဲ့ Guns N’ Roses အဖွဲ့ရဲ့ Guitarists ဟောင်းနဲ့ အဆိုတော် Buckethead ကို KFC ခွက်ကြီး ဆောင်းပြီး ဂစ်တာတီးသူအဖြစ် မြင်တွေ့ရမှာပါ။ Halloween 4 : The Return Of Michael Myers ထဲက အတိုင်း ခံစားချက်မပါတဲ့ အဖြူရောင်မျက်နှာဖုံးတပ်ထားတဲ့ သူဟာ ဆန်းသစ်တဲ့ လျှပ်စစ်ဂစ်တာတီးခတ်မှုကို လမ်းဖောက်သူအဖြစ်လည်း ကျော်ကြားပါတယ်။ GuitarOne မဂ္ဂဇင်းရဲ့Top 10 Fastest Guitar Shredders စာရင်းမှာ နံပါတ် ၈ နေရာက ဖော်ပြခံရပြီး Guitar World’s ရဲ့ ခေတ်အဆက်ဆက် အထူးဆန်းဆုံး ဂစ်တာသမား ၂၅ ဦးစာရင်းမှာလည်း ဖော်ပြခံရတဲ့သူ့ကို ၁၉၆၉ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။

(၄) Deron Miller

Deron Miller

Photo : Indiegogo

အမေရိကန်တေးဂီတပညာရှင် Deron Miller ဟာ ၁၉၉၈ ခုနှစ်က ရော့ခ်ဂီတအဖွဲ့ CKY ကို တည်ထောင်ခဲ့ပြီး အဖွဲ့ရဲ့ ပင်တိုင် အဆိုတော် နဲ့ Rhythm Guitarist တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ တခြား Bands တွေအနေနဲ့ Deron Miller ပါဝင်ခဲ့တဲ့ အဖွဲ့တွေကတော့ Progressive Metal Band အဖွဲ့ Foreign Objects ၊ Melodic Death Meta အဖွဲ့ World Under Blood နဲ့ 96 Bitter Beings အဖွဲ့တွေ ဖြစ်ပါတယ်။ Deron Miller ကို ၁၉၇၆ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အသက် ၄၅ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။

(၅) Bob Dylan

MusiCares Person Of The Year Tribute To Bob Dylan - Show

Photo : pitchfork

အမေရိကန်အဆိုတော် နဲ့ စာရေးဆရာ Bob Dylan ဟာ ကမ္ဘာ့ဩဇာအကြီးဆုံး အဆိုတော်တွေထဲက တစ်ဦးဖြစ်ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေက သူ့ရဲ့ Blowin’ In The Wind (1963) နဲ့ The Times They Are A Changin (1964) တို့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုနဲ့ စစ်ဆန့်ကျင်ရေးဆိုင်ရာ လူထုတေးသံတွေ ဖြစ်လာခဲ့ပါတယ်။ သီချင်းအခွေပေါင်း ၁၂၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ သူဟာ Presidential Medal of Freedom ဆု ၊ Grammy Awards ၁၀ ဆု ၊ Golden Globe Award တစ်ဆု နဲ့ Academy Award တစ်ဆု အပါအဝင် ဆုပေါင်းများစွာ ချီးမြှင့်ခံရတဲ့ ဂန္ဓဝင်အနုပညာရှင်လည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စာပေ နိုဘယ်ဆုချီးမြှင့်ခံရတဲ့ Bob Dylan ကို ၁၉၄၁ ခုနှစ် မေလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

Featured Photo : PopCrush