အရင်နှစ်နဲ့ စာရင် ၂၀၂၂ ခုနှစ်ဟာ ပိုပြီး စိတ်လှုပ်ရှားစရာ ရုပ်ရှင်ကားသစ်တွေ အများအပြား ထွက်မယ့်နှစ်ပါပဲ။ ဒီနှစ်ထဲမှာ Batman ၊ Thor ၊ Doctor Strange စတဲ့ Marvel ၊ DC တွေ အပြင် Jurassic Park ၊ Knives Out 2 ၊ Avatar 2 စတဲ့ သောက်သောက်လဲ ငွေရတဲ့ ရုပ်ရှင်ကားကြီးတွေရဲ့ အဆက် ဇာတ်လမ်းသစ်တွေပါ ရုံတင်ဖို့ ရှိပါတယ်။ ဒီတစ်ခေါက်တော့ မေလထဲမှာ ရုံတင်မယ့် ဇာတ်ကားသစ်တွေဘက် ခြေဦးလှည့်လိုက်ရအောင်ပါ။

(၁) Doctor Strange in the Multiverse of Madness

ဒေါ်လာ ဘီလျံနဲ့ချီ ဝင်ငွေရတဲ့ Spider-Man: No Way Home ဇာတ်ကားထဲမှာ Marvel ရဲ့ Doctor Strange ကို Multiverse အရှုပ်တော်ပုံမူလအဖြစ် မြင်ခဲ့ရာပါတယ်။ အခုတော့ မင်းသားကြီး Benedict Cumberbatch တစ်ယောက် Doctor Strange အဖြစ် သရုပ်ဆောင်ထားတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ကို ရုံတင်နေပြီ ဖြစ်ပါတယ်။ မေလ ၆ ရက်နေ့ကပဲ ဒီရုပ်ရှင်ကို ရုံတင်ပြသနေတာပါ။
၂၀၁၆ Original Doctor Strange ဟာ ရုံတင် ဝင်ငွေ ဒေါ်လာ ၂၃၂.၆ သန်း ရခဲ့ပြီး Doctor Strange in the Multiverse of Madness မှာ ဒေါ်လာ သန်း ၄၅၀ ကနေ သန်း ၅၆၀ အတွင်း ရဖို့ မျှော်လင့်ထားပါတယ်။

(၂) Firestarter

ကမ္ဘာကျော် ဝတ္ထုဆရာကြီး စတီဖင်ကင်းရဲ့ သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်သည်းဖို ဝတ္ထု Firestarter ကို ဒါရိုက်တာ Keith Thomas က ဇာတ်လမ်းအဖြစ် ရိုက်ကူးထားတာပါ။ ဒီနာမည်နဲ့ ၁၉၈၄ ခုနှစ်မှာ ရုပ်ရှင်ကားတစ်ကား ရှိခဲ့ပြီး အခုတစ်ခေါက်မှာ မင်းသား Zac Efron ၊ Ryan Kiera Armstrong ၊ Sydney Lemmon ၊ Kurtwood Smith ၊ John Beasley ၊ Michael Greyeyes နဲ့ Gloria Reuben တို့ သရုပ်ဆောင်ထားပါတယ်။ မေလ ၁၃ ရက်နေ့ Universal Pictures ကနေ ရုံတင်ဖြန့်ချိသွားမှာပါ။

၁၉၈၄ ခုနှစ်က ထွက်ခဲ့တဲ့ Original Firestarter ဟာ ဒေါ်လာ ၁၇ သန်း ဝင်ခဲ့ပါတယ်။ ၂၀၂၂ ဗားရှင်း Firestarter မှာ ဘယ်လောက် အောင်မြင်မှုရမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။

(၃) Downton Abbey: A New Era

Downton Abbey: A New Era ဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Downton Abbey ရုပ်ရှင်ရဲ့ အဆက် သမိုင်းဒရာမာ ရုပ်ရှင်စီးရီး ဖြစ်ပါတယ်။ ယူကေမှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကတည်းက Universal Pictures ကနေ ရုံတင် ဖြန့်ချိထားပြီး အမေရိကန်ပြည်ထောင်စုမှာတော့ လာမယ့် မေလ ၂၀ ရက်နေ့မှာ Focus Features ကနေ ရုံတင်ဖို့ စီစဉ်ထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Hugh Bonneville ၊ Elizabeth McGovern ၊ Maggie Smith ၊ Michelle Dockery ၊ Laura Carmichael ၊ Jim Carter နဲ့ Phyllis Logan တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

(၄) Top Gun: Maverick

မင်းသားကြီး Tom Cruise ရဲ့ အောင်မြင်တဲ့ Top Gun အက်ရှင်ဒရာမာကားသစ် Top Gun : Maverick ကို ဒီနှစ် မေလ ၂၇ ရက် သောကြာနေ့မှာ ရုံတင်သွားမှာပါ။ ၁၉၈၆ ခုနှစ်က ထွက်ခဲ့တဲ့ Original Top Gun ရုပ်ရှင်ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့ရာကနေ Box Office ဒေါ်လာ ၃၅၇ သန်း ရရှိပြီး အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ Maverick ကားသစ်မှာလည်း အဖွင့်သီတင်းပတ်မှာတင် ဒေါ်လာ သန်း ၁၀၀ နဲ့ အထက် ရဖို့ အလားအလာကောင်းနေပါတယ်။

Featured Photo : collider