ကွီးတို့ရဲ့ မျက်နှာဟာ ကွီးတို့ ခန္ဓာကိုယ်ရဲ့ အထွေထွေ ကျန်းမာရေး အခြေအနေကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိတယ်ဆိုတာ သိပါသလား။ မျက်နှာရဲ့အစိတ်အပိုင်း တစ်ခုစီတိုင်းဟာ မတူညီတဲ့ ကိုယ်အင်္ဂါတွေနဲ့ ချိတ်ဆက်ထားတာကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးဟာ မျက်နှာပေါ်မှာလာပြီးထင်ဟပ်စေတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လူတစ်ယောက်ရဲ့ မျက်နှာပုံပန်းသဏ္ဍာန် သို့မဟုတ် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေကို ကြည့်ခြင်းဖြင့် အဲ့ဒီလူရဲ့ ကျန်းမာရေးအခြေအနေ ပြဿနာတွေကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ မျက်နှာ ကနေတဆင့် သိနိုင်မယ့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေ တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အရေပြားနဲ့ မျက်လုံးများ အဝါရောင်ပြောင်းလာခြင်း

Photo : Onlymyhealth

အကယ်၍ ကွီးတို့ရဲ့ မျက်လုံးနဲ့ အရေပြားဟာ ပုံမှန် ဖြူဖျော့ဖျော့အရောင်ကနေ ရုတ်တရတ် အဝါရောင်ဘက်ကို ပြောင်းလာပြီဆိုရင်တော့ အသည်းနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုခု ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ မျက်လုံးနဲ့ အရေပြားအရောင် ပြောင်းလဲခြင်းဟာ အသည်းရောဂါကို ဖော်ညွှန်းပြသနေတဲ့ လက္ခဏာတစ်ခုပါ။ အသည်းရောဂါခံစားနေရပြီဆိုရင် ခန္ဓာကိုယ်ရဲ့ သွေးနဲ့ တစ်သျှူးတွေမှာ Bilirubin လို့ခေါ်တဲ့ အဝါရောင်ခြယ်ပစ္စည်းတွေ ထုတ်လွတ်လာခြင်းကြောင့် အရေပြားနဲ့ မျက်လုံးတွေမှာ အဝါရောင်သမ်းလာစေတာ ဖြစ်ပါတယ်။

(၂) လိပ်ပြာပုံသဏ္ဍာန် အဖုအပိမ့်များ ထွက်လာခြင်း

Photo : Balmonds

တစ်ခါတစ်လေ ပါးပြင်နှစ်ဖက်မှာ နေလောင်ခံအသားအရေကဲ့သို့ အနီကွက်နဲ့ အဖုအပိမ့်တွေ ထွက်လာတက်ပါတယ်။ ဒါဟာ Butterfly-Shaped လို့ခေါ်တဲ့ လိပ်ပြာပုံသဏ္ဍာန် အဖုအပိမ့်တွေပါ။  Lupus လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကိုယ်တွင်းအင်္ဂါနဲ့ တစ်ရှူးတွေကို ထိခိုက်ပျက်စီးစေတဲ့အခါ ဖြစ်ပေါ်လာတဲ့ Autoimmune ရောဂါကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Systemic Lupus Erythematosus (SLE) လို့လည်း ခေါ်ပါတယ်။ Lupus ရောဂါဟာ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ် အပါအဝင် မတူညီတဲ့ ခန္ဓာကိုယ်စနစ်များစွာကို ထိခိုက်စေပြီး ရောင်ရမ်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။

(၃) အသားအရေအရောင် ဖျော့လာခြင်း

Photo : Floss & Gloss Dental – Dentist Bedford TX

ကွီးတို့ရဲ့ အသားအရေဟာ ပုံမှန်ထက်ကို ဖြူဖတ်ဖြူရော် ဖြစ်လာနေတယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ သံဓာတ်အားနည်းနေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။ အသားအရေ ဖြူဖျော့လာခြင်းဟာ သွေးအားနည်းခြင်းရဲ့ အထင်ရှားဆုံး လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ သံဓာတ်လုံလုံလောက်လောက်မရရှိပဲ သွေးအားနည်းရောဂါ ခံစားနေရတဲ့အခါ အရေပြားအပါအဝင် သွားဖုံး ၊ မျက်ခမ်း နဲ့ နှုတ်ခမ်းအတွင်းဘက် အသားရောင်တွေပါ ဖြူဖျော့ဖျော့အရောင် ပြောင်းလာတက်ပါတယ်။

(၄) ပါးစပ်တဝိုက် အရေပြားများ အက်ကွဲလာခြင်း

Photo : eMediHealth

နှုတ်ခမ်းထောင့်တဝိုက် အရေပြားများ ခြောက်သွေ့ကွဲအက်လာခြင်းကို ဆေးပညာအရ Angular Cheilitis လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ ဗီတာမင် B2 သို့မဟုတ် Riboflavin ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၅) မျက်ခမ်းစပ်တွေ အစ်မို့ရောင်ရမ်းနေခြင်း

Photo : Healthline

ပုံမှန်အားဖြင့်တော့ ညပေါင်းများစွာ အိပ်ရေးပျက်တဲ့အခါ မျက်ခမ်းစပ်တွေ ရောင်ရမ်းစေပြီး မျက်ကွင်းတဝိုက်မှာ ညိုမည်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာ အလွန်အကျွံ ငိုထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ရေးဝဝ အိပ်စက်ပါလျှက် မျက်လုံးတွေနီရဲပြီး မျက်ခမ်းစပ်တွေ အစ်မို့ရောင်ရမ်းနေတယ်ဆိုရင်တော့ သိုင်းရွိုက်ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်နဲ့ဆက်စပ်တဲ့ ရောဂါတွေဟာလည်း မျက်လုံးတဝိုက် အပါအဝင် ခန္ဓာကိုယ်အရေပြားအနှံ့ ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။

Featured Photo : Healthline