မျက်နှာ ပေါ်က အရေးအကြောင်း တွေဟာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပြီး အသက်အရွယ်အရ သဘာဝအလျောက်ဖြစ်ပေါ်စေတက်သလို တစ်ခါတစ်ရံ အရွယ်မတိုင်ခင်မှာလည်း အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းရဲ့ရှေ့ပြေး လက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ အရေပြားဟာ ခန္ဓာကိုယ်မှာ နေ့စဉ်ထိတွေ့မှုအများဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပြင်ပကဖုန်နဲ့ ဘက်တီးရီယားပိုးမွှားတွေကြောင့် ယားယံခြင်းနဲ့ နီမြန်းရောင်ရမ်းခြင်းစတဲ့ အသားအရေဆိုင်ရာ ပြဿနာတွေအများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တစ်ခုက အရေပြားဟာ ပျက်စီးနေတဲ့ ဆဲလ်တွေကို အစားထိုးဖို့အတွက် အရေပြားဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားပေးတာကြောင့် ကွီးတို့ရဲ့အရေပြားဟာ သူ့အလိုလို ပြန်လည်ပြုပြင်နိုင်စွမ်း အပြည့်အဝရှိပါတယ်။

အရေပြား ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းစဉ်ဟာ အသက်ကြီးလာတာနဲ့အမျှ အားလျော့လာပြီး Collagen နဲ့ Elastin ထုတ်လုပ်မှုအပေါ် မူတည်နေပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာချိန်မှာ အိုမင်းရင့် ရော်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာရတာပါ။ တစ်ခါတစ်လေမှာ အစားအသောက် ၊ နေထိုင်မှုပုံစံနဲ့ အသား အရေထိန်းသိမ်းမှုဆိုင်ရာ အလေ့ အထ အမှားတွေကြောင့်လည်း အရွယ်မတင်ခင် အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေ ဖြစ်တက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ မျက်နှာ ပေါ်မှာ အရေးအကြောင်း တွေ ဖြစ်စေနိုင်တဲ့ အလေ့အကျင့် ဆိုးတွေအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) မျက်လုံးတဝိုက်က အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခြင်း

Photo : Advanced Eye Medical Group

မျက်နှာ အသားအရေဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျန်အရေပြားနေရာတွေထက် အတော်လေးပါးလွှာပြီး ထိလွယ်ရှလွယ်တာကြောင့် လက်နဲ့ထိတွေ့ကိုင်တွယ်တဲ့အခါ ညင်ညင်သာသာစွာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မျက်လုံးတဝိုက် အရေပြားဟာ ပိုမိုနူးညံ့ပါးလွှာပြီး အသားအရေ ပျက်စီးမှုပိုဖြစ်နိုင်ခြေ များပါတယ်။ ဒီလို နူးညံ့ပျော့ပျောင်းတဲ့ မျက်လုံးတဝိုက် အသားအရေကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ထိတွေ့ကိုင်တွယ်တဲ့အခါ အသားအရေ Collagen နဲ့ Elastin အမျှင်တွေကို ပြိုကွဲစေပြီး အရေပြားတင်းရင်းမှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။

ထိုအခါ မျက်လုံးတဝိုက်မှာ အရေးအကြောင်းနဲ့ အသားအရေလျော့တွဲမှု ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတဝိုက်က အရေပြားကို မလိုအပ်ပဲ ထိတွေ့ကိုင်တာမျိုး အထူးရှောင်ကြဉ်ဖို့လိုပြီး ကိုင်တွယ်တဲ့အခါမှာလည်း ဂရုတစိုက် သေချာလေး ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

(၂) အလွန်အကျွံ မျက်နှာသစ်ခြင်း

Photo : Man of Many

နေ့စဉ်သွားလာလှုပ်ရှားမှုကနေတဆင့် မျက်နှာ အရေပြားပေါ်မှာ ပြင်ပကဖုန်နဲ့ အညစ်အကြေးတွေစုပုံနေတက်ပြီး မျက်နှာပေါ်ကအဆီတွေနဲ့ ပေါင်းစပ်ကာ ဝက်ခြံနဲ့ အသားအရေ ညစ်နွမ်းခြင်းပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ အခြေခံအကျဆုံး အသားအရေထိန်းသိမ်းမှုဆိုင်ရာ Step တစ်ခုက မျက်နှာသစ်ခြင်းပါပဲ။ မျက်နှာကို နေ့စဥ်စနစ်တကျ သန့်စင်ဆေးကြောပေးတာဟာ မျက်နှာအပေါ်ယံအလွှာနဲ့ ချွေးပေါက်အတွင်းပိုင်းက အဆီနဲ့အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဝက်ခြံပြဿနာကို ထိထိရောက်ရောက် ကာကွယ်တားဆီးပေးပါတယ်။

သို့သော်လည်း ကိုယ့်ရဲ့ အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့ မျက်နှာသန့်စင်ဆေးတွေအသုံးပြုတာ ၊ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းနဲ့ မကြာခဏဆေးကြောသန့်စင်တာဟာ မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေပြီး အရွယ်မတိုင်မီ အရေးအကြောင်း နဲ့ အိုမင်းရင့်ရော်ခြင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) မကြာခဏ Exfoliation ပြုလုပ်ခြင်း

Photo : Pure Spa Direct Blog

မျက်နှာ အရေပြားအတွင်းက အညစ်အကြေးတွေ ၊ အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားသန့်စင်ပေးတဲ့နည်းလမ်းကို Exfoliation မျက်နှာချေးချွတ်သန့်စင်ခြင်းလို့ ခေါ်ပါတယ်။ Exfoliation လုပ်တာက မျက်နှာပေါ်က ဖုန်နဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံး ရှင်းထုတ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း မျက်နှာသစ်ခြင်းကဲ့သို့ပဲ Exfoliation အလွန်အကျွံပြုလုပ်တာကလည်း အသားအရေ အစိုဓာတ်ခမ်းခြောက်ပြီး ခြောက်သွေ့ယားယံခြင်း ၊ နီမြန်းခြင်းနဲ့ အသားအရေပျက်စီးခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အသားအရေဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ ပုံမှန် တစ်ပတ်မှာ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့်သာ Exfoliation လုပ်သင့်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ တစ်ပတ်မှာ ၂ ကြိမ် ခန့် Exfoliation လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ Exfoliation လုပ်တဲ့အခါမှာလည်း ငြင်ငြင်သာသာနဲ့ စက်ဝိုင်းပုံ ပွတ်တိုက်ဆေးကြောတဲ့နည်းကို သုံးဖို့အကြံပြုချင်ပါတယ်။

(၄) နေရောင်ကာခရင်မ် မလိမ်းခြင်း

Photo : SPY

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံးအချက်တစ်ခုက နေ့ဘက်မှာ နေရောင်ကာခရင်မ် ပုံမှန်လိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားပျက်စီးမှုကိုဖြစ်စေပြီး အရွယ်မတိုင်ခင် အရေးအကြောင်း တွေ ဖြစ်ပေါ်လာရခြင်းရဲ့ အဓိကတရားခံ ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာကျန်းမာတဲ့ အရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေတဲ့ Free Radical တွေထုတ်လွတ်ပေးတာကြောင့် အသားအရေရဲ့ Collagen နဲ့ Elastin တွေကို ယို့ယွင်းလာစေပြီး အသားအရေ လျော့တွဲခြင်း ၊ အရေးအကြောင်းဖြစ်ခြင်းစတဲ့ အိုမင်းရင့်ရော်ခြင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရောင်အောက်ထွက်တဲ့အခါ SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ နေရောင်ကာခရင်မ် မဖြစ်မနေလိမ်းပေးဖို့လိုသလို နေ့ဘက် အိမ်ထဲနေချိန်မှာပင် နေရောင်ကာခရင်မ် ပုံမှန်လိမ်းပေးဖို့လိုအပ်ပါတယ်။

(၅) အရွယ်တင်နုပျိုစေတဲ့ အသားအရေ ထုတ်ကုန်ပစ္စည်းများ အသုံးပြုခြင်း

Photo : Zwivel

ဈေးကွက်ထဲမှာ အရွယ်တင်နုပျိုစေတယ်ဆိုတဲ့ Antiaging Skin Products တွေများစွာ ရှိပါတယ်။ ဒီလိုထုတ်ကုန်ပစ္စည်းတွေဟာ အသားအ ရေကိုတင်းရင်းနုပျိုစေပြီး အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ အရေးအကြောင်း တွေကို ကာကွယ်ပေးတယ်လို့ ဆိုကြပါတယ်။ အချို့ ထုတ်ကုန်တွေဟာ အစပိုင်းမှာတော့ အသားအရေကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ထင်ရပေမယ့်ရေရှည်မှာ အသားအရေပျက်စီးပြဿနာတွေ ပိုပြီး အဖြစ်များစေပါတယ်။ Antiaging Skin Products တွေမှာ အရေပြား ယားယံခြင်း သို့မဟုတ် ရောင်ရမ်းခြင်းတွေကို ဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းတွေပါဝင်ပြီး အဆိုပါ ဓာတုပစ္စည်းတွေက အိုမင်းရင့်ရော်မှုရဲ့လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေဟာ လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါကြောင့် အရွယ်တင်နုပျိုစေတဲ့ အသားအရေ ထုတ်ကုန်ပစ္စည်းအသစ်တွေ မသုံးခင်မှာ သေချာလေ့လာမှုပြုလုပ်သင့်ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို ရယူဖို့ လိုပါတယ်။ နောက်ပြီး စိတ်ချရတဲ့ နာမည်ရှိပြီးသား ထုတ်ကုန်တွေနဲ့ ကွာလတီကောင်းမွန်တဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။

Featured Photo : SPY