ကမ္ဘာပေါ်က မတူညီတဲ့ လူမျိုးစု ၊ မျိုးနွယ်စုတွေမှာ ကိုယ်ပိုင် ဂီတအနုပညာရယ်လို့ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ရှိခဲ့ကြပါတယ်။ ဂီတ တူရိယာတွေဆိုတာလည်း လူမျိုးစု တစ်စု ၊ မျိုးနွယ်စုတစ်စုရဲ့ အမှတ် “သင်္ကေတ” တစ်ခုအဖြစ် တည်ရှိနေခဲ့ကြတာပါ။ ကမ္ဘာတဝှမ်းမှာ မတူညီတဲ့ဂီတ တူရိယာ အမျိုးပေါင်း ၁၅၀၀ ကျော် ရှိတဲ့အထဲကမှ မြင်တွေ့ရခဲတဲ့ ထူးထူးခြားခြား တူရိယာ အဆန်းကြီးတွေကို အပိုင်း ၁ အနေနဲ့ တင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ တူရိယာအမျိုးပေါင်းများစွာတွေထဲကမှ ထူးခြားဆန်းပြားလွန်းတဲ့ တူရိယာခပ်ဆန်းဆန်းကြီးတွေကို ပြောပြပေးပါမယ်။
(၁) Crwth

Photo : Amino Apps
Crwth လို့ခေါ်တဲ့ တူရိယာ ကတော့ တယောနဲ့ ဆင်တူတဲ့ ကြိုးတပ်တူရိယာ တစ်ခုပါ။ Crotta ၊ Rote နဲ့ Crowd စတဲ့ နာမည်တွေနဲ့လည်း လူသိများ ကြပါတယ်။ ဒီတူရိယာကို ဥရောပအလယ်ခေတ်ကနေ ၁၈၀၀ ပြည့်နှစ်တွေအထိ တီးခတ်အသုံးပြုခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ကြိုးတွေကို Bow တံနဲ့ပဲ တီးခတ်ဖို့ တီထွင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကြိုးတွေနောက်မှာ လက်ချောင်းတွေနဲ့ တီးခတ်ဖို့အတွက် ဘုတ်ပြားတစ်ခု ထည့်သွင်းလာခဲ့ပါတယ်။
(၂) Toha

Photo : Swedish Music Shop
Toha သို့မဟုတ် Totem Harp လို့လည်း ခေါ်ပါတယ်။ ဒီ တူရိယာ ကို ဂီတပညာရှင်နှစ်ဦး တွဲဖက် တီးခတ်နိုင်ပါတယ်။ တူရိယာရဲ့တစ်ဖက်စီမှာ တီးခတ်သူ တစ်ဦးစီအတွက် တီးခတ်ရမယ့် ကြိုးတွေ ပါရှိပါတယ်။ Toha ကို Victor Gama လို့ခေါ်တဲ့ ဂီတပညာရှင်တစ်ဦးက အာဖရိကတောင်ပိုင်းမှာရှိတဲ့ ရက်ကန်းငှက်တွေကို အခြေခံပြီး ဒီတူရိယာကို တီထွင်ခဲ့တာပါ။ တူရိယာကို အပိုင်းနှစ်ပိုင်းခွဲထားပြီး တစ်ပိုင်းစီမှာ ရှစ်သံတွဲ ၃ ပိုင်းစီနဲ့ ကြိုးပေါင်း ၄၄ ကြိုး တပ်ဆင်ထားပါတယ်။
(၃) Wheel Harp

Photo : New Atlas
Wheel Harp တူရိယာကတော့ လီယိုနာဒို ဒါဗင်ချီ ဒီဇိုင်းထုတ်ထားတဲ့ Viola Organista နဲ့ ဆင်တူတဲ့ ထူးထူးခြားခြား ဂီတတူရိယာတစ်ခုဖြစ်ပါတယ်။ ဒီတူရိယာမှာ လက်နဲ့ တီးခတ်ရတဲ့ ကီးဘုတ်ပါဝင်သလို ခြေထောက်ထိန်းချုပ်ရတဲ့ မော်တာတပ် ကြိုးတွေလည်း ပါပါတယ်။
Mitchell Manger နဲ့ Jon Jones လို့ခေါ်တဲ့ ဂီတပညာရှင်တွေက ဒီတူရိယာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ လက်ရဲ့ကီးဘုတ်ပေါ် တီးခတ်မှုနဲ့အတူ ခြေနင်းကနေ ကြိုးတွေရဲ့ သံစဉ်ကို တစ်ပြိုင်နက် ချိန်ဆတီးခတ်ရမှာ ဖြစ်ပါတယ်။
(၄) Hydraulophone

Photo : Wikipedia
Hydraulophone လို့ခေါ်တဲ့ ထူးထူးခြားခြား တူရိယာ အဆန်းကြီးကတော့ ရေနဲ့တီးခတ်ရတဲ့ ဂီတတူရိယာတစ်ခု ဖြစ်ပါတယ်။ ဟုတ်ပါတယ် ဒီတူရိယာဟာ အရည်ဖိအားသုံးစနစ်နဲ့ ဂီတသံစဉ်ကို ထုတ်ပေးတာပါ။ တူရိယာမှာ လက်ချောင်းလေးတွေနဲ့ ပိတ်ဆို့တီးခတ်ရမယ့် ရေထွက်ပေါက် ၄၅ ပေါက် ပါဝင်ပြီး တစ်ပေါက်စီမှာ ဂီတနုတ်တစ်ခုစီကို ထုတ်ပေးပါတယ်။ Steve Mann လို့ခေါ်တဲ့ ကနေဒါ သိပ္ပံပညာရှင် တစ်ဦးက ၁၉၈၅ ခုနှစ်မှာ Hydraulophone တူရိယာကို စတင်တီထွင်ခဲ့တာ ဖြစ်ပြီး တကယ့်ကိုပဲ ထူးဆန်းလွန်းလို့တဲ့ တူရိယာများစာရင်းမှာ တစ်ခုအပါအဝင် သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
(၅) Glass Armonica
Photo : Fraunces Tavern® Museum
Glass Armonica တူရိယာကိုတော့ Benjamin Franklin က ၁၇၆၁ ခုနှစ်မှာ စတင်တီထွင်ခဲ့တာပါ။ ဒီတူရိယာဟာ ကမ္ဘာပေါ်က ထူးဆန်းတဲ့ တူရိယာအဆန်းကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ Glass Armonica တူရိယာမှာ ပွတ်တိုက်မှုကနေတဆင့် ဂီတသံထွက်စေတဲ့ ဖန်ခွက်နဲ့ ဖန်ပြွန်လို ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ Glass Armonica တူရိယာကို Hydrocrystalophone ၊ Glass Harmonium ၊ Armonica ၊ Glass Harmonica နဲ့ Bowl Organ အစရှိတဲ့ နာမည်တွေလည်း ခေါ်ကြပါတယ်။
Featured Photo : Victor Gama

