မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သက်တော်ရှည် ဂိုးသမားဖြစ်သူ ဒါးဗစ် ဒီဟေးယား ကတော့ ဇွန်လ (၃၀)ရက်နေ့ ကတည်းက မန်ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် အသင်းရဲ့ ကစားသမား စာရင်းထဲမှာ မပါဝင်တော့သလို မနေ့ကလည်း ဒီဟေးယားကိုယ်တိုင်ကပါ ယူနိုက်တက် ပရိသတ်တွေကို နှုတ်ဆက်စကား ပြောဆိုသွားခဲ့ပါတယ်။

de gea sir alex

Photo Credit : Twitter

လက်ရှိမှာ အသက် (၃၂)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဂိုးသမား ဒီဟေးယား က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့ရင်းနဲ့ မက်ဒရစ် အခြေစိုက် အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် အကယ်ဒမီတွင် ဘောလုံး ပညာရပ်တွေကို လေ့လာ သင်ကြားရင်း စီနီယာ ကစားသမားဘဝကိုလည်း အသက်လက်တီကိုမှာပဲ စတင် ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှသာ နည်းပြကြီး ဖာဂူဆန်က ယူနိုက်တက် ဂိုးသမားကြီး ဗန်ဒါဆားနေရာမှာ ရေရှည် အစားထိုးဖို့အတွက် ဒီဟေးယားကို အဲ့ဒီအချိန်တုန်းက ဂိုးသမားတစ်ဦး ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၁၈.၉)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

david de gea

Photo Credit : Twitter

ဒီဟေးယားက သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ဒုတိယမြောက် ဘောလုံးရာသီမှာပဲ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကြီးကို စတင် ပိုင်ဆိုင်နိုင်ခဲ့ရင်း ဒီဟေးယား ယူနိုက်တက် ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်ဖလား (၁)ကြိမ် ယူရိုပါလိဂ်ဖလား (၁)ကြိမ် အက်ဖ်အေဖလား (၁)ကြိမ် လိဂ်ဖလား (၂)ကြိမ် နဲ့ ကွန်မြူနတီဒိုင်း (၃)ကြိမ်အထိပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အတွက် ပွဲပေါင်း (၅၄၅)ပွဲ ပါဝင်ကစားရင်း ဂိုးမပေးခဲ့ရတဲ့ ပွဲပေါင်းဟာလည်း (၁၉၀)အထိကို ရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီဟေးယား က ယူနိုက်တက်အသင်းနဲ့လည်း ဘောလုံးရာသီ စုစုပေါင်း (၁၂)ရာသီကို ဖြတ်သန်းခဲ့ပါသေးတယ်။

de gea

Photo Credit : Twitter

ဂိုးသမား ဒီဟေးယား က အသင်းလိုက် ဆုတွေအပြင် တစ်ဦးချင်း ဆုတွေအဖြစ် ရွှေလက်အိတ်ဆု (၂)ကြိမ် ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆု (၄)ကြိမ် ယူနိုက်တက် အသင်းဖော်တွေက ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံးဆု (၄)ကြိမ် နဲ့ PFA Team of the Year (၅)ကြိမ်အထိ ရရှိခဲ့သေးသလို အသင်းမှာ ပွဲအများဆုံး ကစားထားနိုင်ခဲ့တဲ့ ဂိုးသမား ၊ အသင်း သမိုင်းတစ်လျှောက် clean sheets အများဆုံး ရရှိတဲ့ ဂိုးသမား ဆိုတဲ့ မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါသေးတယ်။ ဒီလို အသင်းနဲ့ ဆယ်စုနှစ်တစ်ခုအထိ ဖြတ်သန်းခဲ့တဲ့ ဂိုးသမား ဒီဟေးယားကို ယူနိုက်တက် ပရိသတ်တိုင်းရော တခြားအသင်း ပရိသတ်တွေကပါ အမြဲတမ်း အမှတ်တရ ဖြစ်နေကြမှာတော့ အသေအချာပါပဲ။

Featured Photo : TSN