ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကာရင်တန်မှာ ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ ယူနိုက်တက် စီနီယာ ကစားသမား ၂ ဦး ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် လေ့ကျင့်ရေး အစီအစဉ်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Featured Photo : Daily Mail

ဘရိုက်တန်ကို ၄ – ၀ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ကစားသမားတွေကို ၄ ရက်ကြာ အနားပေးပြီးနောက် ယူနိုက်တက်အသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေးပြုလုပ်တဲ့နေ့မှာ အခုလို အသင်းဖော် ကစားသမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားတဲ့ အရှက်ရဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကစားသမားတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် အဆိုပါရန်ပွဲကြောင့် ကျန်အသင်းဖော် ကစားသမားတွေအားလုံး အံ့အားသင့်ခဲ့ရကြောင်း The Sun သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေ့ကျင့်ရေး အစီအစဉ်ကို အချိန်မပြည့်ခင်မှာပဲ စောစီးစွာ ရပ်နားခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရာ့ဖ် ရန်းနစ်ခ်က အသင်းဖော် ကစားသမားတွေကို အဝတ်အစား လဲခန်းထဲကို ပြန်သွားဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အိုလီဂန်နာ ဆိုးလ်ရှားကို နည်းပြနေရာက ထုတ်ပယ်ခဲ့တဲ့နောက် နည်းပြ ရာ့ဖ် ရန်းနစ်ခ်ကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း ဆိုးရွှားတဲ့ရာသီကို ကျော်ဖြတ်နေရပြီး ယူနိုက်တက်အသင်းဟာ လက်ရှိ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ၃ ပွဲအထိ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo : Football Insider

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး  ဒီရာသီရဲ့ နောက်ဆုံးကျန်ပွဲစဉ်ကိုတော့ လာမယ့် မေလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်း နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : SPORTbible