ခရစ္စတီယန် အဲရစ်ဆင် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ နှုတ်အားဖြင့်သဘောတူမှု ရရှိခဲ့ပြီးနောက် ဒေါသထွက်နေတဲ့ တော့တင်ဟမ်ဟော့ စပါး ပရိသတ်တစ်ဦးက ဒိန်းမတ်ကြယ်ပွင့်ရဲ့ နာမည်ရိုက်နှိပ်ထားတဲ့ စပါးအင်္ကျီကို မီးရှို့နေတဲ့ ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

ဒိန်းမတ်လက်ရွေး ကစားသမားဟာ ပြီးခဲ့တဲ့ရာသီဒုတိယဝက်က ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာပြီး ဘရန့်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့တာ ဖြစ်ပါတယ်။

Photo : SPORTbible

အဲရစ်ဆင်ဟာ စပါးနဲ့ ယူနိုက်တက်တို့အပြင် ဘရန့်ဖို့ဒ်အသင်းရဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုတွေရရှိခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာကစားဖို့ စိတ်အားထက်သန်နေခဲ့တာကြောင့် နည်းပြအဲရစ်တန်ဟတ်ရဲ့ အသင်းနဲ့ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ စပါးအသင်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းရဲ့ အကြီးကျယ်ဆုံး ကွင်းလယ်ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ စပါးပရိသတ်တချို့ကတော့ ယူနိုက်တက် ကို ပြောင်းရွေ့ဖို့ ရွေးချယ်ခဲ့တဲ့ ၎င်းရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေကြပြီး ပရိသတ်တစ်ဦးက အဲရစ်ဆင် ရဲ့ ကျောနံပါတ် ၂၃ ပါ စပါးအင်္ကျီကို မီးရှို့ဖျက်စီးပြခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ တစ်လျောက်လုံးကို လန်ဒန်မှာကုန်ဆုံးခဲ့တာဖြစ်ပြီး အစောပိုင်းမှာ လန်ဒန်ကနေ ထွက်ခွာဖို့ မသေမချာဖြစ်ခဲ့သူပါ။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စုအဖွင့်ပွဲစဉ်မှာ နှလုံးဖောက်ကာ လဲကျခဲ့တာကြောင့် လုံးခုန်နှုန်းမှန်အောင် ပြုလုပ်ပေးတဲ့ ICD စက်ထည့်ထားရတာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ၎င်းရဲ့ကျန်းမာရေးအခြေအနေကြောင့် စီးရီးအေက ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ အင်တာမီလန် အသင်းကနေထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်အသင်းကို ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၁၁ ပွဲကစားပေးခဲ့ကာ ဂိုးဖန်တီးမှု ၄ ကြိမ်နဲ့ အသင်းကို တန်းဆင်းဇုန်ကနေ ထွက်ခွာနိုင်အောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းအနေနဲ့ အဲရစ်ဆင်ကို ဆက်ထိန်းထားလိုပေမယ့် သူ့ရဲ့ မြင့်မားလှတဲ့လုပ်စာလစာ တောင်းဆိုမှုကြောင့် စာချုပ်သစ် ချုပ်ဆိုမှုကို ဖျက်သိမ်းဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ တစ်ပတ်ကို ပေါင်၂၀၀၀၀၀ နဲ့ အပိုဆုကြေး ပေါင် ၁၀ သန်းကို တောင်းဆိုထားတယ်လို့ The Telegraph ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက် အနေနဲ့ ဒီအချက်တွေကို လက်ခံထားလားဆိုတာ လောလောဆယ် မသိရသေးပေမယ့် အဲရစ်ဆင် ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီပိတ်သိမ်းချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာသာရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

Photo : SPORTbible

ယူနိုက်တက်အသင်းဟာ မေလထဲမှာ နည်းပြ အဲရစ်တန်ဟတ်ကို တရားဝင်ခန့်အပ်ခဲ့ပြီး ၎င်းက အသင်းရဲ့တိုးတက်ပြောင်းလဲမှုအတွက် ကြိုးစားလုပ်ဆောင်လျက် ရှိနေပါတယ်။ ယူနိုက်တက်ဟာ လိုင်ယွန်အသင်းကိုပြောင်းရွေ့ဖို့ သတင်းထွက်နေတဲ့ ဖီယင်နုနောက်ခံလူ တိုင်ရယ် မာလာစီယာကိုလည်း ခေါ်ယူဖို့သဘောတူညီမှု ရရှိထားကြောင်း အင်္ဂါနေ့မွန်းလွဲပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် အေဂျက်စ်မှာတုန်းက အဲရစ်တန်ဟတ်လက်အောက်မှာ ကစားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဘာစီလိုနာအသင်းက ဖရန်ကီ ဒီဂျောင်တို့ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် လျက်ရှိပါတယ်။

Featured Photo : SPORTbible