မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဗဟိုနောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယား ကတော့ လာမယ့် ရက်ပိုင်းအတွင်း ဂျာမနီနိုင်ငံမှာ စတင် ကျင်းပတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို အင်္ဂလန်နဲ့အတူ သွားရောက် ဆင်နွဲရတော့မှာမဟုတ်ပဲ သူရဲ့ နေအိမ်ကနေသာ ကြည့်ရှု အားပေးသွားရတော့မှာ ဖြစ်ပါတယ်။
Photo Credit: Bola
ဘာကြောင့်လဲဆိုတော့ သူရဲ့ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့်ပါပဲ။ တကယ်တော့ အသက် (၃၁)နှစ် နောက်ခံလူ မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိရင်တောင်မှ သူ့ကို အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်က အင်္ဂလန်အသင်းအတွက် အမြဲတမ်း ရွေးချယ်တက်လေ့ ရှိသလို မက်ဂွိုင်းယား ဟာလည်း အင်္ဂလန်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ယူရို-၂၀၂၀ ပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေအထိ ပါဝင်ဆင်နွဲ ဖြစ်ခဲ့ရပါသေးတယ်။
Photo Credit: Football Transfer
တကယ်တော့ မက်ဂွိုင်းယားဟာ လက်စတာကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း သူ့ကစားသမားဘဝက အတက်အကျတွေ အတော်လေး ဖြစ်နေတက်သလို ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ပြိုင်ဘက် ပရိသတ်တွေအပြင် ကိုယ့်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ပါ ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေဆိုးတွေကနေ အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့တဲ့ မက်ဂွိုင်းယားဟာ ဒီရာသီထဲမှာတော့ ယူနိုက်တက်ခံစစ်ပိုင်းအတွက် ခြေစွမ်းကောင်းတွေ အတော်အတန် ပြသနိုင်ခဲ့ပေမယ့်လည်း ဧပြီလနှောင်းပိုင်းမှာ ရရှိခဲ့တဲ့ ခြေသလုံးကြွက်သား ဒဏ်ရာက သူ့ကို အတော်လေး ဒုက္ခပေးခဲ့ပါတယ်။
Photo Credit: United in Focus
ဒီဒဏ်ရာကြောင့် မက်ဂွိုင်းယားဟာ ဝင်ဘလေမှာ ကျင်းပတဲ့ မန်ချက်စတာဒါဘီ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို လွဲချော်ခဲ့ရသလို ယူရို-၂၀၂၄ပြိုင်ပွဲကို ပါဝင်ဆင်နွဲမယ့် အင်္ဂလန်အသင်းရဲ့ အပြီးသတ် ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရလို့ မက်ဂွိုင်းယားအတွက် အတော်လေး နစ်နာရနိုင်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် သူ့အသက်က (၃၃)နှစ်အထိ ရှိလာမှာဖြစ်သလို သူရဲ့ ခြေစွမ်းပိုင်းတွေလည်း ကျဆင်းသွားနိုင်လို့ အင်္ဂလန်အတွက် ပါဝင်ခဲ့ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက မက်ဂွိုင်းယား အတွက် အင်္ဂလန် ကစားသမားဘဝ နောက်ဆုံး ပါဝင်ရတဲ့ ပြိုင်ပွဲကြီး ဖြစ်သွားရနိုင်ပါတယ်။
Featured Photo: talkSPORT