ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ချန်ပီယံ အီတလီအသင်းက အခု ယူရို-၂၀၂၄ မှာတော့ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ပဲ အိမ်ပြန်ခဲ့ရပါတယ်။ ဒါက ယူရိုချန်ပီယံအသင်းတွေရဲ့ နောက်ပိုင်းနှစ်တွေထဲ ကြုံတွေ့နေရတဲ့ ချန်ပီယံ ကျိန်စာလို့တောင် ပြောရမလားပဲ။ ဒါပေမယ့် အီတလီက (၁၆)သင်းအထိနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့်လည်း ဒီယူရိုမှာ အီတလီအသင်းနဲ့ တောက်ပလာခဲ့တဲ့ ရီကာဒို ကာလာဖီအိုရီဆိုတဲ့ ကစားသမားလေးရဲ့ အိမ်အပြန်ခရီးလမ်းကတော့ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ပါ။

Calafiori Bologna

Photo Credit: Football Italia

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘိုလော့ဂ်နာ ခံစစ်မှူး ကာလာဖီအိုရီက ရိုးမား လူငယ်အကယ်ဒမီထွက် ခပ်ချောချော ခပ်ဖြောင့်ဖြောင့် အရပ်အမောင်းလည်း မြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီးတော့ ဗဟိုခံစစ်နဲ့ ဘယ်ခြမ်းခံစစ်တွေမှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ ဘိုလော့ဂ်နာအသင်းကိုတော့ ပြီးခဲ့တဲ့ရာသီကမှ ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်ကနေ ရောက်လာခဲ့တာဖြစ်ပြီး ဘေဆယ်လ်မှာ ဘယ်နောက်ခံနေရာ ပိုကစားဖြစ်တဲ့ ကာလာဖီအိုရီကို နည်းပြ မော့တာက CB နေရာမှာသာ ပိုမို ကစားစေခဲ့ရာ ဘိုလော့ဂ်နာကို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရရှိအောင်နဲ့ သူကိုယ်တိုင်ပါ အီတလီ လက်ရွေးစင်အသင်းမှာ အရွေးချယ်ခံရတဲ့အထိ အလုပ်ဖြစ်သွားခဲ့ရပါတယ်။

calafiori italy

Photo Credit: Opta Analyst

ကာလာဖီအိုရီအတွက် အကြီးမားဆုံး ဂုဏ်ပြုခံရတာကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲကို အီတလီအသင်းနဲ့အတူ ဝင်ရောက် ဆင်နွဲခွင့် ရလိုက်တာပါပဲ။ နည်းပြ စပယ်လက်တီက သူ့ကို အုပ်စု(၃)ပွဲလုံး ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက် အသုံးပြုခဲ့တယ်။ ကာလာဖီအိုရီကလည်း ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချရင်း အစွမ်းကုန် တောက်ပပြတယ်။ ခရိုအေးရှားနဲ့ပွဲမှာ အရေးပါတဲ့ ဂိုးဖန်တီးမှုကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဒုတိယ အဝါကတ်ထိလို့ ဆွစ်နဲ့ (၁၆)သင်းအဆင့်ပွဲကို လွဲခဲ့ရတယ်။ အဲ့ဒီပွဲမှာ အီတလီက ဂိုးပြတ်ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတယ်။

ricardo calafiori arsenal

Photo Credit: The Sun

ကာလာဖီအိုရီရဲ့ လက်ရွေးစင် ကစားသမားဘဝ ပထမဆုံး ပြိုင်ပွဲကြီးတစ်ခု ဖြတ်သန်းရမှုဟာ အသင်းလိုက် အနေအထားနဲ့ဆိုရင် ကျေနပ်စရာ မရှိခဲ့ပေမယ့်လည်း သူ့တစ်ဦးချင်းအတွက်ဆိုရင်တော့ ယူရို-၂၀၂၄ က သူရဲ့ ကစားသမားဘဝအတွက် တံခါးတစ်ချပ်လိုပါပဲ။ အီတလီ ဒီပြိုင်ပွဲက မထွက်ရခင်ကတည်းက သူ့ကို ထိပ်သီးကလပ်တွေ အတော်လေး စိတ်ဝင်စားနေခဲ့ရာကနေ အခုတော့ အာဆင်နယ်က ကာလာဖီအိုရီရဲ့ အသင်းသစ် ဖြစ်လာဖို့ သေချာသလောက်ကို ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယူရိုကြယ်ပွင့်လေး ကာလာဖီအိုရီကို လာမယ့် ဘောလုံးရာသီမှာ ဆင်ပျံကြီးတို့ရဲ့ ဂျာစီနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ကြည့်ရှုသွားရဖို့က သေချာနေပြီလို့ ဆိုရပါတော့မယ်။

Featured Photo: Football FanCast