အဲဗာတန်အသင်း နောက်ခံလူ ဗီတာလီ မာကိုလန်ကို ကတော့ ဒဏ်ရာအခြေအနေကြောင့် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Vitaliy Mykolenko
Photo : Read Everton

ယူကရိန်းလက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိ သွားခဲ့တာပါ။ ဘယ်နောက်ခံလူဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာရသွားခဲ့ပုံပေါ်ပေမယ့် နာကျင်အချိန်ပို မိနစ်တွေအထိ ဆက်လက်ကစားခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည် စတင်ချိန်မှာတော့ ဒဏ်ရာကြောင့် ဆက်ကစားဖို့ မဖြစ်နိုင်တော့တဲ့အတွက် လူစားလဲခံခဲ့ရပြီး ပြီးခဲ့တဲ့ စနေညက ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံလူရဲ့ ဒဏ်ရာပြဿနာဟာ ယခုနွေရာသီ ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ယူကရိန်းလက်ရွေးစင်အသင်းအတွက် သတင်းဆိုးတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

မာကိုလင်ကို ဟာ ယူကရိန်းအသင်းနဲ့အတူ အင်္ဂလန် ၊ အီတလီတို့နဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲတွေမှာ ပါဝင်ခဲ့သလို ဘော့စနီးယား ၊ ဟာဇီဂိုဗီးနားနဲ့ အိုက်စလန်တို့ကို အနိုင်ရရှိခဲ့တဲ့ ပလေးအော့ဖ်ပွဲစဉ်တွေမှာလည်း ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။

Vitaliy Mykolenko

Photo : talkSPORT

ယူကရိန်းအသင်းကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု E မှာ ဘယ်လ်ဂျီယံ ၊ ဆလို ဗက်ကီးယား ၊ ရိုမေးနီးယား အသင်းတွေနဲ့အတူ ကျရောက်လျက်ရှိပြီး အဲဗာတန် နောက်ခံကစားသမား မာကိုလင်ကို တစ်ယောက် ပါဝင်ကစားနိုင်ခြင်း ရှိမရှိကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မာကိုလင်ကို ဟာ ၂၀၂၂ ခုနှစ် ဘောလုံးရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒိုင်းနမိုကိယက်ဗ်အသင်းကနေ အဲဗာတန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ ၈၅ ပွဲ ကစားထားကာ သွင်းဂိုး ၃ ဂိုး သွင်းယူပေးထားပါတယ်။

Featured Photo : talkSPORT