ယမန်နေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ မန်စီးတီး ဂိုးသမား အီဒါဆန် တစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး စီးတီးရဲ့ ရာသီလက်ကျန် ပွဲစဉ်တွေအတွက် စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။

Ederson

Photo : Manchester Evening News

ဂိုးသမား အီဒါဆန် ဟာ အဆိုပါပွဲစဉ်ရဲ့ ပွဲချိန်ပထမပိုင်း ပြီးဆုံးခါနီးမှာ ဖောရက်စ် နောက်ခံလူ ဝီလီဘိုလီနဲ့ တိုက်မိပြီး ဒဏ်ရာရရှိသွားခဲ့တာပါ။ ဒဏ်ရာ အခြေအနေကြောင့် ဒုတိယပိုင်းမှာတော့ ဘရာဇီးသား နေရာမှာ ဂိုးသမား စတီဖန် အော်တီဂါနဲ့ လူစားလဲ ကစားခဲ့ရပါတယ်။

လက်ရှိမှာ ဒဏ်ရာ အတိမ်အနက်နဲ့ ပတ်သတ်ပြီး အတိအကျ အတည်မပြုနိုင်သေးပေမယ့် ပွဲအပြီးမှာတော့ နည်းပြ ဂွာဒီယိုလာက အီဒါဆန်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အပ်ဒိတ်တစ်ခု ပေးခဲ့ပါတယ်။

” အီဒါဆန် ဒဏ်ရာရ သွားခဲ့ပါပြီ။ ဒါနဲ့ပတ်သတ်ပြီး ​​ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ကြည့်ရတာတော့ အခြေအနေသိပ်ကောင်းတဲ့ပုံ မပေါ်ပါဘူး။ မနက်ဖြန်မှာ ဆရာဝန်နဲ့ တွေ့မှာပါ ” လို့ နည်းပြ ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

နည်းပြ ဂွာဒီယိုလာ အနေနဲ့တော့ လက်ရှိမှာ လေးကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြင်းအထန် တိုက်ပွဲဝင်နေချိန်ဖြစ်တာကြောင့် အီဒါဆန် ရဲ့ဒဏ်ရာ အခြေအနေ ဆိုးရွားခဲ့မယ်ဆိုရင် ဒီရာသီချန်ပီယံဆုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ်နောက် တစ်မှတ်အကွာမှာရှိနေပြီး လာမယ့် စနေနေ့မှာ ဝုလ်ဗ်အသင်းနဲ့ ကစားရမှာဖြစ်သလို မေလထဲမှာ အရေးကြီးတဲ့ ပွဲစဉ် ၃ ပွဲကစားရမှာ ဖြစ်ပါတယ်။

 Ederson

Photo : talkSPORT

ဒါကြောင့် အသင်းရဲ့အရေးပါတဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုရှိဖို့ဟာ အဓိက လိုအပ်နေပြီး နံပါတ်တစ် ဂိုးသမား အီဒါဆန်တစ်ယောက် ဒဏ်ရာအခြေအနေကနေ အမြန်ဆုံး ပြန်လည် သက်သာလာဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ အီဒါဆန် ပြန်မလာနိုင်ခဲ့ရင်တော့ ဂိုးသမား အော်တီဂါကိုပဲ အစားထိုး အသုံးပြုသွားရမှာဖြစ်ပြီး ဂျာမန်လက်ရွေးစင်ဟာ မကြာသေးမီက ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ Clean Sheet ပြုလုပ်ထား နိုင်ခဲ့ပါတယ်။

Featured Photo : Goal.com