ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကတော့ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ စတင် ကျင်းပသွားပါတော့မယ်။ ဂျာမနီနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ့် ယူရို-၂၀၂၄မှာ အိမ်ရှင် ဂျာမနီ အပါအဝင် နိုင်ငံအသင်းပေါင်း (၂၄)သင်း ပါဝင် ဆင်နွဲသွားမှာဖြစ်ပြီး ဇွန်(၁၄)ရက်ကနေ စတင်ကာ ဂျာမနီနိုင်ငံက မြို့ကြီး (၁၀)မြို့ရှိ ဘောလုံးကွင်း (၁၀)ကွင်းမှာ ပြိုင်ပွဲကြီးကို ကျင်းပသွားပါမယ်။

england euro 2020

Photo Credit: The Telegraph

(၁၇) ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်မယ့် အသင်းတွေထဲမှာ နာမည်ကြီး ထမင်းငတ်လို့ အမည်ပြောင်ရထားတဲ့ အင်္ဂလန်လည်း ပါဝင်လို့နေပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂၀ တုန်းကတော့ အင်္ဂလန်ဟာ ဝင်ဘလေမှာ ကျင်းပခဲ့တဲ့ ယူရိုဖိုင်နယ်အထိတောင် တက်လှမ်းခဲ့ရပေမယ့်လည်း အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရှုံးပေးခဲ့ရကာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အဲ့ဒီတုန်းကလည်း အင်္ဂလန်က သူတို့ရဲ့အိမ်ကွင်း ဝင်ဘလေမှာ အီတလီကို အလဲထိုးပြီး သူတို့အတွက် ပထမဆုံးသော ယူရိုဖလားကြီးကို ပိုင်ဆိုင်နိုင်ရတော့မယ်လို့ ယူဆခဲ့ကြပေမယ့်လည်း ဒုတိယနဲ့သာ ကျေနပ်လိုက်ရပါတယ်။

england

Photo Credit: AP News

အခု ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ အပြီးသတ် ကစားသမား (၂၆)ဦးစာရင်းမှာ မက်ဂွိုင်းယား ၊ ဂရီးလစ်ရှ် ၊ ဂျိမ်းစ် မက်ဒီဆင်တို့လို ထိပ်တန်း ကစားသမားတွေကို ချန်လှပ်ခဲ့သလို မီလန်နောက်ခံလူ တိုမော်ရီကိုလည်း လုံးဝ ရွေးချယ်ခြင်းတောင် မရှိခဲ့ပါဘူး။ အပြီးသတ်လူစာရင်းအရတော့ အင်္ဂလန်ဟာ ခံစစ်ပိုင်းမှာ အားနည်းနိုင်ပြီး ကွင်းလယ်နဲ့တိုက်စစ်တို့ကတော့ လုံးဝကို အင်အား အတောင့်တင်းဆုံး ဖြစ်နိုင်ပါလိမ့်မယ်။

england team

Photo Credit: BBC

အင်္ဂလန်က ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု (c) မှာ ဒိန်းမတ် ၊ ဆာဘီးယား ၊ ဆလိုဗေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အင်္ဂလန်က ဒီအသင်းတွေထက် တန်းပြီး ယူဆလိုက်နိုင်ပေမယ့်လည်း (၃)သင်းလုံးကတော့ အင်္ဂလန်ကို အနည်းနဲ့အများ ဒုက္ခပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်က အုပ်စုကနေ နောက်တစ်ဆင့်ကိုတော့ သေချာပေါက် တက်လှမ်းနိုင်မှာ ဖြစ်ပြီး အုပ်စုဗိုလ်နေရာ ရမယ့်ဆိုရင်တော့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ပွဲချောင်ဖို့ ရာခိုင်နှုန်းများပါမယ်။ ဟယ်ရီကိန်း ၊ ဘယ်လင်ဟမ် ၊ ဖိုဒန် ၊ ပါလ်မာတို့နဲ့ အင်္ဂလန်အသင်း ယူရို-၂၀၂၄မှာ အမြင့်ဆုံး ဆီမီးဖိုင်နယ်လောက်အထိသာ တက်လှမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

Featured Photo: Sky Sports