ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကတော့ ပြီးခဲ့တဲ့ (၁၄)ရက်ကနေ စတင်ပြီး ကျင်းပလာခဲ့ရာ အခုဆိုရင် အုပ်စုနောက်ဆုံးပွဲစဉ်တွေဆီ စတင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယမြောက် အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ အိမ်ရှင် ဂျာမနီ ၊ စပိန်နဲ့ ပေါ်တူဂီတို့ (၃)သင်းသာ (၁၆)သင်းအဆင့်တွေဆီ စောစောစီးစီး တက်လှမ်းနိုင်ခဲ့ပြီး ကျန်တဲ့ (၁၃)နေရာအတွက်ကတော့ အဖြေထွက်ဖို့ အုပ်စုနောက်ဆုံးပွဲတွေအထိ အဖြေရှာသွားဖို့ လိုအပ်နေခဲ့ပါတယ်။

euro 2024 group a

Photo Credit: Inside Sport

ဒီနေ့ မနက်အစောပိုင်းမှာတော့ ဂျာမနီ ဆွစ်ဇာလန် စကော့တလန် ဟန်ဂေရီတို့ ပါဝင်နေတဲ့ ယူရို-၂၀၂၄ အုပ်စု (A)ပွဲစဉ်တွေက အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားစေပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ ဂျာမနီနဲ့ ဆွစ်ဇာလန် ၊ စကော့တလန်နဲ့ ဟန်ဂေရီတို့ တွေ့ဆုံလို့နေပြီး (၂)ပွဲလုံးက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ဂျာမနီနဲ့ဆွစ်ပွဲက အုပ်စုဗိုလ်နေရာ လုကြတာဖြစ်သလို စကော့နဲ့ ဟန်ဂေရီပွဲဟာလည်း တတိယနေရာကို လုကြတာဖြစ်လို့ တကယ်ကို စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။

germany 1-1 switzerland

Photo Credit: Euro 2024 DE

အုပ်စုပွဲ (၂)ပွဲလုံးနိုင်ပြီး ရမှတ် (၆)မှတ်ရထားတဲ့ ဂျာမနီက (၂)ပွဲကစား (၄)မှတ်ပဲ ရထားတဲ့ ဆွစ်ဇာလန်ကို အနည်းဆုံး သရေကစားလိုက်တာနဲ့ အုပ်စုဗိုလ်နေရာ ရရှိမှာဖြစ်ပြီး ဆွစ်ဇာလန်ကတော့ ဂျာမနီကို အနိုင်ယူမှသာ အုပ်စုဗိုလ် ဖြစ်ရပါလိမ့်မယ်။ ဒီပွဲမှာ ဆွစ်ဇာလန်ဘက်က ပထမပိုင်းမှာပဲ အန်ဒိုရီဆိုတဲ့ ဘိုလော့ဂ်နာ တိုက်စစ်ကစားသမားရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းမှာလည်း အနိုင်ပြတ်သားစေမယ့် ဂိုးကို ထပ်ရခဲ့ပေမယ့် လူကျွံသွားခဲ့ရလို့ နစ်နာခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာတော့ ဂျာမနီက လူစားဝင် တိုက်စစ်မှူး ဖယ်ခုရဲ့ချေပဂိုးနဲ့ သရေရလဒ် ရသွားခဲ့ရင်း ဂျာမနီက အုပ်စုဗိုလ် ဆွစ်ဇာလန်က အုပ်စုဒုတိယနဲ့သာ နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ရပါတယ်။

scotland 0-1 hungary

Photo Credit: Euro 2024 DE

စကော့တလန်နဲ့ ဟန်ဂေရီတို့ပွဲမှာတော့ ဟန်ဂေရီဘက်က တိုက်စစ်ကစားသမား ဗာဂါ ဆိုးဆိုးရွှားရွှား ထိခိုက်မိသွားတာက ဒီပွဲရဲ့ အဓိက ပြောစရာတစ်ခု ဖြစ်စေခဲ့ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်သွားရတဲ့ ဗာဂါကြောင့်ပဲ ဟန်ဂေရီတို့က နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်သွားချင် ဖြစ်သွားရာကနေ နောက်ဆုံးမှာတော့ အချိန်ပိုသွင်းဂိုးနဲ့ စကော့တို့ကို အနိုင်ယူခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲ နောက်ဆုံးမိနစ်ဂိုးနဲ့မှ နိုင်ပဲရခဲ့တဲ့ ဟန်ဂေရီကတော့ အကောင်းဆုံး တတိယနေရာရနိုင်မလားဆိုတာ လက်ကျန် အုပ်စုနောက်ဆုံးပွဲရလဒ်တွေကို စောင့်ကြည့်သွားရပါတော့မယ်။

Featured Phot:Euro 2024