Horror ရုပ်ရှင်တွေထဲမယ် အားလုံးကိုတော့ မဆိုလိုပေမယ့် တချို့ရုပ်ရှင်ကားတွေက ကြည့်ရှုသူတွေကို မကြောက်,ကြောက်အောင် ရုပ်ရောအသံနဲ့ပါ ဗြဲခြောက်ပြီး တကယ်လည်း ကြောက်စရာမကောင်းတဲ့ ပေါရုပ်ရှင်တွေ အများကြီး ရှိပါတယ်။ ဒီလိုဇာတ်ကားတွေကို ကြည့်မိခြင်းဟာ ရုပ်ရှင်ချစ်သူတွေရဲ့ ၂ နာရီဝန်းကျင်စာ အချိန်တွေကို အလဟာသ ကုန်ဆုံးပစ်လိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ ဒီလိုမျိုး ပေါ Horror ရုပ်ရှင်တွေ မဟုတ်ပဲ အမှန်တကယ် ကြောက်စရာကောင်းတဲ့ ဇာတ်ကားကောင်းတွေ ကြည့်ချင်တယ်ဆိုရင်တော့ ကွီးတို့အတွက် ရှယ်ညွှန်းပေးပါရစေ။ အခုဆောင်းပါးလေးမှာ ပြောပြမယ့် ရုပ်ရှင်တွေက အမှန်အကန်ကြမ်းမယ့် PG-13 Horror ရုပ်ရှင်တွေပါ။ PG-13 သတ်မှတ်ချက်ဆိုတာ ၁၉၈၄ ခုနှစ်ကနေ စတင်ပြီး Motion Picture Association ကနေ ၁၃ နှစ်အောက် ကလေးတွေကို မိဘခွင့်ပြုချက်မရှိပဲ ဒါမှမဟုတ် မိဘတွေနဲ့အတူမဟုတ်ပဲ ကြည့်ရှုခွင့်တားမြစ်ထားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် သည်းထိတ်ရင်ဖိုစရာ ဇာတ်လမ်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းဇာတ်အိမ်တွေကြောင့် ကြည့်ရှုခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီလို ကြည့်ရင်း ချွေးပျံ ရမယ့် PG-13 Horror ရုပ်ရှင်တွေထဲကမှ အမှန်အကန်ကြမ်းမယ့် ဇာတ်ကားကောင်း အချို့ကို ရွေးချယ်တင်ဆက်ပေးပါမယ်။

(၁) The Sixth Sense (1999)

Source : Rotten Tomatoes Classic Trailers

The Sixth Sense (1999) ရုပ်ရှင်ကတော့ PG-13 Horror ရုပ်ရှင်တွေထဲက အကောင်းဆုံး ဇာတ်ကားကောင်း တစ်ကားပါပဲ။ ဒီဇာတ်ကားကို အိန္ဒိယလူမျိုး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ M. Night Shyamalan က ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်းကျောရိုးကတော့ သဘာဝလွန်ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ လူငယ်လေး Cole Sear ကို ဇာတ်အိမ်တည်ပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အမျိုးမျိုးသော ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းဇာတ်ကွက်တွေ ၊ ဇာတ်ရှိန်အတက်အကျတွေနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ချွေးပျံ အောင် ဆွဲဆောင်နိုင်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) The Ring (2002)

Source : UniversTrailers

နောက်ထပ် ညွှန်းပေးချင်တဲ့ PG-13 Horror ရုပ်ရှင်ကားတစ်ကားကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာရုပ်ရှင် “The Ring” ပဲဖြစ်ပါတယ်။ ဒီနာမည်ကြီး ရုပ်ရှင်ဇာတ်ကားက “Ringu” လို့နာမည်ပေးထားတဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကားကို ကျောရိုးယူမှီငြမ်းပြီး ဇာတ်လမ်းဇာတ်အိမ်ပြောင်းလဲက ပြန်လည်ရိုက်ကူးထားတာပါ။ ဂျာနယ်လစ် Rachel Keller နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဗီဒီယိုတိပ်ခွေတစ်ခွေ ၊ သူမ ဒီတိပ်ခွေကို ကြည့်ပြီး နောက်ခုနစ်ရက်အကြာမှာ အများအပြား သေဆုံးခဲ့တဲ့လူတွေ ၊ ဒီလိုလူတွေ သေဆုံးရမှုနဲ့ ဘယ်လိုဆက်စပ်နေလဲ ၊ နောက်ကွယ်က အကြောင်းအရင်းကဘာလဲ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ကိစ္စတွေက ဘာတွေဖြစ်မလဲဆိုတာ ရုပ်ရှင်ပရိသတ်တွေကပဲ The Ring (2002) ဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာရင်း ချွေးပျံ လိုက်ရအောင်ပါ။

(၃) The Skeleton Key (2005)

Source : Fear: The Home Of Horror

၂၀၀၅ ခုနှစ်က ထွက်ခဲ့တဲ့ The Skeleton Key ရုပ်ရှင်ကတော့ အင်္ဂလိပ်ဒါရိုက်တာ Lain Softley ရဲ့ စိတ်ပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ Caroline Ellis လို့ခေါ်တဲ့ အမျိုးသမီးဟာ တိတ်ဆိတ်ခြောက်ခြားစရာကောင်းတဲ့ အိမ်ကြီးမှာ ဇနီးမောင်နှံနှစ်ဦးအတွက် အိမ်တော်ထိန်းအဖြစ် အလုပ်ဝင်ရောက် လုပ်ခဲ့ပါတယ်။ Caroline Ellis တစ်ယောက် ဒီအိမ်ကြီးမှာ ဘယ်လိုခြောက်ခြားစရာကောင်းတဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့ရမလဲဆိုတာ The Skeleton Key ရုပ်ရှင်ဇာတ်ကားထဲမှာ ပရိသတ်တွေကပဲ ရင်ခုန်စွာ ကြည့်ရှုခံစားလိုက်ပါနော်။

(၄) The Exorcism of Emily Rose (2005)

Source : Rotten Tomatoes Classic Trailers

ဒီဇာတ်ကားက အမေရိကန်ဒါရိုက်တာ Scott Derrickson ရဲ့ လက်ရာမြောက် သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားကောင်း တစ်ကားပါ။ ဒီဇာတ်ကားဟာ ဂျာမန်အမျိုးသမီးငယ် Anneliese Michel ရဲ့ ဖြစ်ရပ်မှန် ပြင်ပဘဝအဖြစ်အပျက်အချို့ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မကောင်းဆိုးဝါးလိုလို ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်နေရတဲ့ Emily Rose လို့ခေါ်တဲ့ ဇာတ်ကောင်မိန်းကလေးကို ဇာတ်အိတ်တည်ထားပါတယ်။ အမှန်အကန် ချွေးပျံ ရမယ့် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်တွေကို ခံစားကြည့်ရှုချင်တယ်ဆိုရင် The Exorcism of Emily Rose ဇာတ်ကားကတော့ လုံးဝစိတ်ကျေနပ်မှုရစေမှာပါ။

(၅) 1408 (2007)

Source : CARLOS APOLO – TRAILERS GEEK

အကောင်းဆုံး PG-13 Horror ရုပ်ရှင်တွေအကြောင်းပြောရင် 1408 (2007) ဇာတ်ကားကိုလည်း မပါမဖြစ် ပြောရမှာပါ။ ဒီဇာတ်ကားဟာ Stephen King ရဲ့ ဝတ္ထုတိုကို ရုပ်ရှင်ဇာတ်ကားအနေနဲ့ ပြန်လည်ပုံဖော်ထားတာ ဖြစ်ပါတယ်။ Psychological Horror ရုပ်ရှင်တွေနဲ့ ပတ်သတ်ရင် နာမည်ကြီးတဲ့ ဆွီဒင်ဒါရိုက်တာ Mikael Håfström က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ လျို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တွေကို စုံစမ်းဖော်ထုတ်ရာမှာ နာမည်ကြီးတဲ့ စာရေးဆရာ Mike Enslin ဇာတ်ကောင်နဲ့ ဇာတ်လမ်းဇာတ်အိမ်တည်ထားပါတယ်။ ခြောက်ခြားစရာ ဇာတ်လမ်းတွေရှိနေတဲ့ ဟိုတယ်ခန်းနံပါတ် 1408 နဲ့ Mike Enslin တို့ ဘာတွေ ကြုံတွေ့မလဲ ၊ ဘယ်လိုတွေ ချွေးပျံ ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Featured Photo : IMDb