အက်ရှင် ဇာတ်ကားများ၊ Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အမိုက်စား ဇာတ်ကားများအကြောင်း စုစည်းတင်ဆက်ပေးချင်ပါတယ်။ မြူးမြူးကြွကြွနဲ့ ကြည့်ရမယ့် အက်ရှင် ဇာတ်ကားလား၊ ဒါမှမဟုတ် သည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလား၊ ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ဖို့ရန်အတွက် အခုပဲ ဇာတ်လမ်းအမြည်းများကို ကြည့်ရှုလိုက်ရအောင်။

(၁) Everything Everywhere All At Once

စကြာဝဠာကြီးရဲ့ ဒိုင်မန်းရှင်းတွေက တစ်ခုပြီးတစ်ခု ပြိုလဲ ပျက်သုဥ်းသွားတော့မယ့်အချိန်မှာ ရုတ်ချည်းဆိုသလို စွမ်းအားတွေကို ပိုင်ဆိုင်လိုက်တဲ့ အမျိုးသမီးတစ်ဦးက ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ IMDb 8/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်ကြည့်လိုက်ပါဦး။

Source: A24

(၂) Top Gun: Maverick

ဒီဇာတ်ကားလေးကတော့ အမေရိကန် လေသူရဲတွေရဲ့ စွန့်စားခန်းများကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တကယ့်ကို ထိပ်တန်းလေသူရဲတစ်ဦးဖြစ်တဲ့ Pete “Maverick” Mitchell သည် သူ့ရဲ့ အတိတ်က အကြောက်တရားများဆီကနေ ရုန်းမထွက်နိုင်ဖြစ်နေရာကနေ သူ့သူငယ်ချင်းဖြစ်သူရဲ့သားကို ဘယ်လိုမစ်ရှင်တွေ ပေးပြီး လမ်းပြသွားမလဲဆိုတာကို သိချင်ရင်တော့ ဒီအက်ရှင်ဇာတ်ကားကို ကြည့်ကြည့်လိုက်ပါ။

Source: Paramount Pictures

(၃) The Unbearable Weight of Massive Talent

ဒီအက်ရှင်ဇာတ်ကားကတော့ Nicolas Cage ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb 7/10 ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ လက်မလွတ်ဘဲ ကြည့်ရှုသင့်ပါတယ်။

Source: Lionsgate Movies

(၄) THE NORTHMAN

Amleth မင်းသားလေးသည် သူ့အသက်ငယ်ရွယ်စဥ်မှာပဲ သူ့ဦးရီးတော်က အာဏာလုချင်တဲ့အတွက်ကြောင့် သူ့အဖေဖြစ်သူ ဘုရင်ကြီးကို ရက်ရက်စက်စက် သတ်ပစ်ပြီး သူ့ရဲ့ အမေကိုတော့ ပြန်ပေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ ဦးရီးတော် လက်ထဲကနေ ခက်ခက်ခဲခဲ တိမ်းရှောင်ခဲ့ရပြီးနောက် ၁၀ စုနှစ် နှစ်စုခန့် ကြာတဲ့နောက်မှာတော့ ဗိုင်းကင်းစစ်သည်တွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူသည် သူ့အမေကို ကယ်တင်ပြီး သူ့အဖေကို သတ်ခဲ့တဲ့ ဦးရီးတော်ကို လက်စားချေဖို့အတွက် အစီအစဥ်ချပါတော့တယ်။ သူ့အစီအစဥ်က အောင်မြင်ပါ့မလား။

Source: Focus Features

(၅) THE GRAY MAN

ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကို ကြည့်ချင်ကြသူများကတော့ Ryan Gosling ပါဝင်ရိုက်ကူးထားတဲ့ THE GRAY MAN ဇာတ်ကားကောင်းတစ်ကားက စောင့်ကြိုက်နေပါတယ်။

Source: Netflix

အက်ရှင် ဇာတ်ကားတွေ အလှည့်ပြီးသွားပြီဆိုတော့ Horror ဇာတ်ကားတွေဘက် လှည့်လိုက်ရအောင်။

(၆) M3GAN

Katie ဆိုတဲ့ ကလေးမလေးသည် ကားအက်ဆီးဒင့်ကြောင့် သူ(မ)ရဲ့ မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရကာ သူ(မ)ရဲ့ အဒေါ်ဖြစ်သူနဲ့ အတူတူ နေဖို့ အကြောင်းဖန်လာပါတော့တယ်။ သူ(မ)ရဲ့ အဒေါ်က စက်ရုပ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီး သူ့တူမလေး မပျင်းရလေအောင်ဆိုပြီး သူ့တူမနဲ့ အသက်အရွယ်ရော၊ ခန္ဓာကိုယ် အရွယ်အစားချင်းပါ ဆင်တူတဲ့ စက်ရုပ်မလေးကို ဖန်တီးပေးလိုက်ပါတယ်။ ထိုစက်ရုပ်မလေးရဲ့ နာမည်ကတော့ Megan ဖြစ်ပါတယ်။ ထိုစက်ရုပ်မလေးရဲ့ တာဝန်ကတော့ Katie ကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကာကွယ်ပေးရမယ့်တာဝန်ပဲဖြစ်ပါတယ်။

အစပိုင်းမှာတော့ Katie တစ်ယောက် တော်တော်ပျော်မြူးနေခဲ့ပါတယ်။ သူ့အဒေါ်ကလည်း သူ့တူမလေးသည် အက်ဆီးဒင့် ပြီးတဲ့နောက်မှာ ဒါသည် သူ(မ) ပထမဦးဆုံးအကြိမ် ပြုံးရယ်လာတာပဲဆိုပြီး ဝမ်းသာနေခဲ့ပါတယ်။ သို့သော် စက်ရုပ်မလေးသည် Katie ကို လိုသည်ထက်ပိုပြီး ကာကွယ်တဲ့နောက်မှာတော့ ခြောက်ခြားဖွယ်ရာ စက်ရုပ်တစ်ရုပ်အသွင် ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ Katie နှင့် သူ့ရဲ့ အဒေါ်တို့ ထိုစက်ရုပ်လက်ထဲကနေ လွတ်မြောက်ပါ့မလား။

Source: Universal Pictures

(၇) X

ဒီဇာတ်ကားကတော့ ၁၉၇၉ ခုနှစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ လူကြီးဇာတ်ကားတွေကို ရိုက်ကူးတဲ့ သရုပ်ဆောင်များနှင့် ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများသည် မြို့စွန်တစ်နေရာမှာရှိတဲ့ ယာတဲဆီသို့ ရုပ်ရှင်ရိုက်ကူးဖို့ရန်အတွက် ရောက်ရှိလို့လာခဲ့ပါတယ်။ ထိုယာတဲက အိမ်ထဲတွင် အသက်ကြီးကြီး လင်မယားနှစ်ယောက် နေထိုင်ကြပါတယ်။ ဘယ်လိုဇာတ်ကြောင်းမျိုး ဆက်ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဇာတ်ကားလေးကိုသာ အစအဆုံး ဆက်ကြည့်လိုက်ပါ။

Source: A24

(၈) THE MENU

ငယ်ရွယ် ချမ်းသာတဲ့ စုံတွဲတစ်တွဲသည် အစားအသောက်ကောင်းများကို မြည်းစမ်းစားသုံးဖို့ရန်အတွက် နာမည်ကြီး ကျွန်းတစ်ခုပေါ်က အကောင်းတကာ့ အကောင်းဆုံး စားသောက်ဆိုင်ဆီသို့ ခရီးထွက်လာခဲ့ပါတယ်။ သို့သော် ထိုစားသောက်ဆိုင်က ရောက်ရှိလာတဲ့ ဧည့်သည်များကို ဆက်ဆံပုံက ထူးခြားလှပါတယ်။ ဘယ်လို ထူးခြားသလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်လိုက်ပါ။

Source: SearchlightPictures

(၉) Smile

ခြောက်ခြောက်ခြားခြား ဇာတ်ကားမျိုးကိုမှ ကြည့်ရှုချင်တယ်ဆိုရင်တော့ Smile ဆိုတဲ့ ဇာတ်ကားကိုသာ ကြည့်လိုက်ပါ။ ကိုယ့်ကို ရယ်ပြနေတာတောင် ကျောချမ်းစရာကောင်းလှတဲ့ ခံစားချက်ကြီးကို ခံစားရမှာပဲဖြစ်ပါတယ်။

Source: Paramount Pictures

(၁၀) MIDSOMMAR

စုံတွဲတစ်တွဲသည် ဥရောပ မြောက်ပိုင်းရှိ နေရာတစ်ခုဆီသို့ ခရီးထွက်လာခဲ့ပါတယ်။ ထိုကျေးလက်ဒေသတွင် ဆွီဒင်လူမျိုးတို့ရဲ့ ရိုးရာပွဲတော်ကို ကြည့်ရှုဖို့ရန်အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ သူတို့ မျှော်လင့်သလို ဖြစ်လာပါ့မလား။

Source: A24

အခုဖော်ပြသွားတဲ့ ဇာတ်ကားများထဲက ဘယ်နှကားလောက်ကို ကွီးတို့ ကြည့်ဖူးပါသလဲ။