ချွေးမထွက်ပဲ ငြိမ်ငြိမ်လေး ကစားရတဲ့ ယောဂကစားနည်းကို လျှော့တွက်မိရင်တော့ ကွီးတို့မှားပါလိမ့်မယ်။ ယောဂဟာ ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ချိတ်ဆက်ပေးပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ယောဂကစားနည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်ကတည်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းကနေ စတင်ပေါ်ပေါက် လာခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေတဲ့ ကောင်းကျိုးတွေ များစွာရှိသလို ဘော်ဒီအစိတ်အပိုင်း တစ်ခုစီအလိုက် လေ့ကျင့်ဆော့ကစားနိုင်တဲ့ ကစားနည်းတွေ များစွာလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် ကြွက်သား အစိတ်အပိုင်းတစ်ခုစီအလိုက် ဆော့ကစားနိုင်မယ့် ယောဂ ကစားနည်း အချို့ကို ပြောပြပေးပါမယ်။

(၁) ရင်ဘတ်နဲ့ ပခုံးကြွက်သားတွေအတွက် ယောဂကစားနည်းများ

Bhujangasana

Photo : TheHealthSite

ကွန်ပြူတာအရှေ့ အထိုင်များတဲ့ ရုံးသမား ၊ IT သမားတွေအတွက် ရင်ဘတ်နဲ့ ပခုံးကြွက်သားတွေရဲ့ တင်းမာမှုတွေကို ပြေလျော့သက်သာပြီး ခန္ဓာကိုယ် ပေါ့ပါးသွက်လက်စေမယ့် ယောဂ ကစားနည်းတွေကို ပြောပြပေးပါမယ်။ ရင်ဘတ်နဲ့ ပခုံးကြွက်သားတွေ အတွက်ဆိုရင် Dhanurasana သို့မဟုတ် Bow Pose ၊ Bhujangasana သို့မဟုတ် Cobra Pose နဲ့ Ustrasana သို့မဟုတ် Camel Pose တွေကို ကစားနည်းတွေကို ဆော့နိုင်ပါတယ်။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်လေး ရှုသွင်းရှုထုတ်ပြုလုပ်ပြီး ကစားရပါမယ်။

(၂) လက်မောင်းကြွက်သားတွေအတွက် ယောဂကစားနည်းများ

Chaturanga

Photo : MasterClass

ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ ကြံ့ခိုင်မှုလို့ ပြောရင် လက်မောင်းကြွက်သားတွေရဲ့အရေးပါမှုက သိပ်ကို အရေးကြီးပါတယ်။ လက်မောင်းကြွက်သားတွေ ကျစ်လစ်ကြံ့ခိုင်လာစေဖို့အတွက်ဆိုရင် Chaturanga သို့မဟုတ် Four-Limbed Staff နဲ့ Urdhva Mukha Svanasana သို့မဟုတ် Upward-Facing Dog ယောဂ ကစားနည်းတွေကို ကစားပေးနိုင်ပါတယ်။ ဒီယောဂနည်းတွေက လက်မောင်းတွေသာက အနောက်ဘက် ကျောရိုး ၊ ရင်ဘတ် ၊လက်ကောက်ဝတ်နဲ့ ဝမ်းဗိုက်တို့လို့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကိုပါ ထိရောက်မှု ရှိစေပါတယ်။

(၃) နောက်ကျောကြွက်သားတွေအတွက် ယောဂကစားနည်းများ

Balasana

Photo : Yogateket

အထိုင်များသူတွေမှာ ဖြစ်တက်တဲ့ ခါးနာတာ ၊ ဇက်ကြောတက်တာ စတဲ့ ပြဿနာတွေကို ပြေလျော့သက်သာစေပြီး ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားကို မှန်ကန်စေဖို့ ကူညီပေးမယ့် နောက်ကျောကြွက်သားတွေအတွက် ယောဂ ကစားနည်းတွေ ရှိပါတယ်။ ပထမတစ်ခုကတော့ Balasana သို့မဟုတ် Child’s Pose နောက်ထပ် ပခုံးနဲ့ နောက်ကျောကြွက်သားတွေရဲ့ တင်းမာမှုကို သက်သာစေမယ့် ယောဂနည်းကတော့ Trikonasana သို့မဟုတ် Triangle Pose ပါ။ ဒါ့အပြင် Janu Sirsasana သို့မဟုတ် Head-To-Knee Pose ကိုလည်း ကစားနိုင်ပြီး ဒါက ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတင်းမာမှုတွေကို ပြေလျော့စေမှာ ဖြစ်သလို စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။

(၄) ဝမ်းဗိုက်ကြွက်သားတွေအတွက် ယောဂကစားနည်းများ

Navasana

Photo : MasterClass

ယောဂကစားနည်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေ ကျစ်လစ်သန်မာလာအောင် ကစားလို့ရနိုင်ပါတယ်။ Navasana သို့မဟုတ် Boat Pose ကတော့ ဝမ်းဗိုက်ကြွက်သားတွေအတွက် အထိရောက်ဆုံး ယောဂနည်းတစ်ခုဖြစ်ပြီး ဒီကစားနည်းက ဝမ်းဗိုက်တင်မကပဲ စိတ်ဖိစီးမှုကို ပြေပျောက်စေခြင်း ၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ၊ ကျောက်ကပ်/ သိုင်းရွိုက်နဲ့အစာအိမ်ဆိုင်ရာ ပြဿနာတွေကို သက်သာစေခြင်း ၊ အိပ်စက်မှု အရည်အသွေးကို ကောင်းမွန်စေခြင်း ၊ ပေါင်နဲ့ အောက်ပိုင်းကြွက်သားတွေကို သန်မာစေခြင်းစတဲ့ အကျိုးကျေးဇူးများစွာ ပေးစွမ်းပါတယ်။

Source : magicpin 

Featured Photo : Yoga Strong