ရက်ပ်ပါ Young Thug ရဲ့ Young Stoner Life Records နဲ့ 300 Entertainment တို့နဲ့ အလုပ်တွဲလုပ်နေတဲ့ အမေရိကန် လူငယ် ရက်ပ်ပါ Lil Keed ဟာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိန်ဂျလိစ်မှာ ကွယ်လွန် သွားခဲ့ကြောင်း သူရဲ့ ညီဖြစ်သူ Lil Gotit က အတည်ပြုပေးခဲ့ပါတယ်။

Photo : NME

Lil Keed လို့ လူသိများတဲ့ ရက်ပ်ပါ Raqhid Jevon Render ဟာ သေဆုံးချိန်မှာ အသက် ၂၄ နှစ်သာရှိသေးပြီး သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးပဲ ဖြစ်ပါတယ်။ Lil Keed ဟာ စနေနေ့ညမှာ မြောက်ကာရိုလိုင်းနားမှာ ဖျော်ဖြေရမယ့် ပွဲမတိုင်ခင် တစ်ရက်အလိုမှာ အခုလိုကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Keed ကို ၁၉၉၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က အမေရိကန် ပြည်ထောင်စု အတ္တလန်တာ မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မွေးခဲ့ပြီး ငယ်စဉ်က ဆင်းရဲမွဲတေမှု ၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ Keed ဟာ ရှုပ်ထွေးပွေ လီတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတဲ့ ငယ်ဘဝအကြောင်းနဲ့ ပတ်သတ်ပြီး  ၂၀၂၀ ခုနှစ်မှာ Trapped on Cleveland 3 လို့အမည်ပေးထားတဲ့ တေးအယ်လ်ဘမ် ကို ဖန်တီးထုတ်ဝေခဲ့ပါတယ်။

Lil Keed ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Trapped on Cleveland 3 အယ်လ်ဘမ်မှာ Travis Scott နဲ့ Chris Brown တို့လည်းပါဝင် သီဆိုပေးထားပြီး Keed ဟာ ဒီတေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်ကြားမှာ ပိုမို ရေပန်းစား လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂီတလမ်း ကြောင်းပေါ် စတင် ဝင်လာရောက်ခဲ့ပြီးနောက် အွန်လိုင်းပေါ်မှာ သီချင်းတွေတင်ရင်း မထင်မရှားရက်ပ်ပါ တစ်ယောက် အဖြစ်နဲ့ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်မှာ Trapped on Cleveland 2 Mixtape ခွေကို ထုတ်ခဲ့ပြီး ထပ်မံပြီး ၂၀၁၈ ဒီဇင်ဘာလမှာ Keed Talk to ‘Em အမည်ပေးထားတဲ့ Mixtape ခွေကို ထုတ်ခဲ့ပါတယ်။ Keed Talk to ‘Em Mixtape ခွေမှာပါဝင်ခဲ့တဲ့ “Nameless” သီချင်းဟာ Billboard Hip Hop/ R&B Songs Airplay Chart ရဲ့ နံပါတ် ၄၂ နေရာအထိ အောင်မြင်မှု ရခဲ့ပါတယ်။

Nameless – Lil Keed

Source : Lil Keed

21 Savage ၊ Trippie Redd တို့လို နာမည်ကြီး အမေရိကန်ရက်ပ်ပါ တွေနဲ့လည်း သီချင်းတွေအတူတွဲဖန်တီးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ Lil Keed ရဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ် Long Live Mexico ကို ဖြန့်ချီနိုင်ခဲ့ပါတယ်။ ၂၀၂၀ မှာတော့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Trapped on Cleveland 3 ကိုထုတ်ဝေခဲ့ပြီး ၂၀၂၀ ရဲ့ XXL Freshman Class လို့ အမည်ပေးခြင်း ခံခဲ့ရပါတယ်။ Thug ၊ Lil Yachty ၊ Gunna ၊ O.T.Genasis နဲ့ တခြား နာမည်ကြီး အမေရိကန် ရက်ပ်ပါ တွေနဲ့လည်း Singles သီချင်းတွေများစွာ ထွက်ရှိထားပြီး ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်စပြုလာတဲ့ တက်သစ်စ လူငယ်ရက်ပ်ပါ တစ်ဦးဖြစ်ပါတယ်။

Lil Keed ရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီး ညီဖြစ်သူ Lil Gotit က တော့ အင်စတာဂရမ်မှာ ဝမ်းနည်းကြေကွဲကြောင်း ပို့စ်တင်ခဲ့ပါတယ်။

Featured Photo : NME