မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟတ် ကတော့ တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ် ကို ပီအက်စ်ဂျီအသင်းကနေ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

Marcus Rashford

Photo : SPORTbible

ရက်ရှ်ဖို့ဒ် ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် အမ်ဘာပေကို နေရာမှာအစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်လာတယ်လို့ ကြာသပတေးနေ့တုန်းက သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဘာပေကတော့ ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ငြင်းဆန်ခဲ့သလို စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွေ့ဖို့ များနေတာ ဖြစ်ပါတယ်။

Daily Mirror ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေနေရာမှာ လစ်လပ်သွားမယ့် တိုက်စစ်ကွက်လပ်ကို ဖြည့်ဖို့ ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားနေပြီး အင်္ဂလန်သားအတွက် ပေါင် ၇၅ သန်း ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ယခင်ကလည်း ယူနိုက်တက် တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အခုနောက်ထပ်တစ်ကြိမ် သတင်းတွေ ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ သတင်းတွေနဲ့ ပတ်သတ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ရက်ရှ်ဖို့ဒ် ဟာ အိုးထရက်ဖို့ဒ်ကနေ ဘယ်ကိုမှသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

နည်းပြ တန်ဟတ်က လီဗာပူးအသင်းနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ” ကျွန်တော်တို့ ရက်ရှ်ဖို့ဒ် ကို ရောင်းထုတ်ဖို့ ရည်ရွယ်ထားရင် ပြီးခဲ့တဲ့ ရာသီက ၄ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ကိုချုပ်မှာ မဟုတ်ပါဘူး။ သူကအသင်းရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်ရှိနေသင့်တာပါ။ ဒါက ကျွန်တော်တို့ ပြောမထားတဲ့ အကြောင်းအရာတစ်ခုတော့ မဟုတ်ပါဘူး ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

Marcus Rashford

Photo : SPORTbible

ရက်ရှ်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း ၃၀ သွင်းယူနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ဒီရာသီ သွင်းဂိုး ၇ ဂိုးသာ စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ အင်္ဂလန်တိုက်စစ်မှူးအတွက် ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ရက်ရှ်ဖို့ဒ်ကလည်း ငယ်ဘဝကလပ်အသင်းအပေါ် အပြည့်အဝသစ္စာရှိဖို့ ကတိပြုထားကြောင်း ဝန်ခံပြောကြားခဲ့ဖူးပါတယ်။

Featured Photo : Sky Sports