သရဲနီဂန္တဝင် ကစားသမားဟောင်း ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင် ကတော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာတင်ခဲ့ပြီး ‘Legend’ လို့ တံဆိပ်ခတ် တင်စားလိုက်ပါတယ်။ ဒီဓာတ်ပုံကို ဘယ်အချိန်က ရိုက်ကူးခဲ့တယ်ဆိုတာတော့ မသိရပေမယ့် ဆယ်ကျော်သက်အရွယ် ကိုင်ဟာ ရက်ရှ်ဖို့ဒ်နဲ့ ဓာတ်ပုံရိုက်ချိန်မှာ ယူနိုက်တက် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး အရမ်းကို ပြုံးပျော်နေခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်

Photo : Daily Mail

ကိုင်ဟာ ဒီပုံကို အလေးပြုနေတဲ့ အီမိုဂျီလေးနဲ့အတူ သူရဲ့အင်စတာဂရမ် Story မှာတင်ခဲ့တာ ဖြစ်ပြီး ဝိန်းရွန်းနီကလည်း သူရဲ့ဆိုရှယ်မီဒီယာမှာ ပြန်လည်မျှဝေ သွားခဲ့ပါတယ်။ ယူနိုက်တက် ပထမအသင်းမှာ စကစားတုန်းက ရက်ရှ်ဖို့ဒ်ရဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ရွန်းနီက ‘ကျေးဇူးတင်ပါတယ် @marcusrashford’ ဆိုတဲ့ စာတန်းနဲ့ ဓာတ်ပုံကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်သာရှိသေးတဲ့ ကိုင်ဟာ လက်ရှိ ယူနိုက်တက်အကယ်ဒမီမှာ ကစားနေရှိပြီး ပြီးခဲ့တဲ့ရာသီက အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ကိုင်ဟာ ပညာသင်ကာလအတွင်း သွင်းဂိုး ၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လက်ရှိအမေရိကမှာ နည်းပြလုပ်နေတဲ့ ဖခင်ဖြစ်သူရဲ့ ကစားသမားဘဝ သက်တမ်းတစ်လျှောက်က အောင်မြင်မှုမှတ်တမ်းတွေကို အမှီလိုက်နိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတာဖြစ်ပါတယ်။

Photo : The Sun

ဝိန်းရွန်းနီကတော့ လောလောဆယ် မေဂျာလိဂ်မှာ ရာသီကုန်နားနေပြီး ၎င်းရဲ့ ဒီစီယူနိုက်တက်အသင်းနဲ့အတူ ၂၀၂၃ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

Featured Photo : Daily Mail