အင်္ဂလန်တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ် ကတော့ ဝေးလ်အသင်းကို ၃ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံမှုနဲ့ ပတ်သတ်ပြီး နောက်ကွယ်က ဝမ်းနည်းကြေကွဲဖွယ် အကြောင်းအရင်းကို ထုတ်ဖော်ဖွင့်ဟ လာခဲ့ပါတယ်။

Photo : talkSPORT

အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းအတွက် သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးခဲ့ပြီး အဖွင့်ဂိုးကို ပွဲချိန် ၄၉ မိနစ် မှာ အလွတ်တည်ကန်ဘောကနေ တစ်ဆင့် အလှပဆုံး ကန်သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အဖွင့်ဂိုး သွင်းယူပြီးတဲ့နောက်မှာ မြက်ခင်း ပြင်ပေါ် ဒူးထောက်ချပြီး မျက်လုံးမှိတ်ကာ ကောင်းကင်သို့ လက်ညှိုးထိုးကာ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မကြာသေးမီကမှ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူအတွက် ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အောင်ပွဲခံခဲ့တာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

Photo : talkSPORT

“ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပဲ ကျွန်တော်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။ သူက ကင်ဆာရောဂါနဲ့ အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ရတာပါ။ ကျွန်တော် သူ့အတွက် ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ သူက ကျွန်တော့်အတွက် အမြဲတမ်း အားပေးခဲ့သူပါ။ သူက တကယ်တော်တဲ့ လူတစ်ယောက်ပါ။ ကျွန်တော့်ဘဝထဲ သူရောက်လာတာကို တကယ်ပဲ ကျေနပ်မိပါတယ်” လို့ ရက်ရှ်ဖို့ဒ်က ဖွင့်ဟ ခဲ့ပါတယ်။

ဆက်လက်ပြီး အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ဒုတိယမြောက်ဂိုးကိုတော့ ဟယ်ရီကိန်းရဲ့ ဖန်တီးမှုကနေတစ်ဆင့် ဖီးလ် ဖိုဒန်က ကန်သွင်းယူ ပေးခဲ့ပြီး တတိယမြောက် ဦးဆောင်ဂိုးကိုတော့ လူစားဝင်လာတဲ့ ကယ်လ်ဗင် ဖီးလစ်ရဲ့ ဖန်တီးမှုကနေ တစ်ဆင့် မားကပ် ရက်ရှ်ဖို့ဒ် ကပဲ ထပ်မံသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo : talkSPORT

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ် အထိရရှိထားပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : The Daily Star