အားလပ်ရက်တွေမှာ အပန်းဖြေဖို့ ဇာတ်ကားတွေ ကြည့်ရှုတာကလည်း နည်းလမ်းကောင်းပါပဲ။ ကွီးတို့ရော ဘယ်လိုဇာတ်ကားတွေ ကြည့်ရင်း အားလပ်ရက်ကို ကုန်ဆုံးလေ့ရှိပါသလဲ။ ဘာဇာတ်ကားကောင်းတွေ ကြည့်ရမလဲ စဉ်းစားနေရင် စိတ်မပူပါနဲ့၊ အမြဲတမ်း ဇာတ်ကားကောင်းတွေ၊ ဇာတ်ကားသစ်တွေကို ဝေမျှပေးနေတဲ့ ဒီအစီအစဉ်လေးက ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ရင်ထဲထိစေမယ့် ခံစားချက်တွေကို ပေးစွမ်းနိုင်မယ့် အချစ် ဇာတ်ကားကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

My Fault (2023)

Source : Amazon Prime Video

ဒီဇာတ်ကားလေးထဲမှာ အမျိုးသမီးလေး Noah က သူမချစ်သူနဲ့ သူငယ်ချင်းများကို ထားခဲ့ကာ သူမအမေရဲ့ ချမ်းသာတဲ့ခင်ပွန်းအသစ်ရှိရာ မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ထို့နောက် သူမရဲ့ ပထွေးဘက်က ပါလာတဲ့ သားဖြစ်တဲ့ Nick နဲ့ တွေ့ဆုံခဲ့ပါတယ်။ Noah က Nick ရဲ့ မော်ဒယ်ပုံရိပ်နောက်မှာ တစ်ခုခု ဖုံးကွယ်ထားတာ သိလိုက်ရပါတယ်။ ထိုအချိန်က စပြီး ဘာတွေဖြစ်လာမှာလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် စပိန် အချစ်ဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

Love at Fight Sight (2023)

Source : Netflix

ကွီးတို့ မြင်မြင်ချင်း ချစ်ခဲ့ဖူးပါသလား။ ဒီဇာတ်ကားလေးကတော့ New York မှ လန်ဒန်သို့ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ  Hadley နှင့် Oliver တို့ တွေ့ဆုံခဲ့ပြီး မြင်မြင်ချင်း ချစ်ခဲ့ကြပါတယ်။ Oliver က သူ့ကို ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးခဲ့သော်လည်းပဲ မတော်တဆ ဖုန်းနံပါတ်ပျောက်သွားတဲ့အခါမှာ သူတို့ ထပ်မံတွေ့ဆုံ နိုင်ပါဦးမလား။ ပြန်လည်တွေ့ဆုံဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်တဲ့အချိန်မှာပဲ ကံကြမ္မာက ဘယ်လို ထူးထူးခြားခြား ပြောင်းလဲပေးမလဲ ဆိုတာတော့ ဒီအချစ်ဇာတ်ကားကောင်းလေးမှာ ကြည့်ရှုခံစားနိုင်ပါတယ်။

Purple Heart (2022)

Source : Netflix

ဒီကားလေးထဲမှာ ဘဝကို ရုန်းကန်နေရတဲ့ အဆိုတော်မလေး Cassie နဲ့ မရိမ်းတပ်သားလေး Luke တို့က ကိုယ်စီအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဟန်ဆောင် လက်ထပ်လိုက်ကြပါတယ်။ သူတို့ရဲ့ အစစ်အမှန်နဲ့ ဟန်ဆောင်မှုကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာမလဲဆိုတာ ဂီတသံစဉ်တွေကို နားဆင်ရှုစားရင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီကားလေးထဲမှာ မင်းသမီးချောလေး Sofia Carsom နဲ့အတူ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မင်းသား Nicholas Galitizine တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်။

Blue Valentine (2010)

Source : Rotten Tomatoes

ငယ်ရွယ်နုပျိုတဲ့ ချစ်ခြင်းမေတ္တာကနေ တင်းမာပြီး မပြေလည်တဲ့ အိမ်ထောင်ရေးတစ်ခုအထိ ဖြစ်လာတဲ့ Cindy နဲ့ Dean တို့က သူတို့ရဲ့ သမီးငယ်လေးကို ပြုစုပျိုးထောင်ရင်း သူတို့ရဲ့ အချစ်ရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားကြပါတယ်။။ နက်နဲလွန်းတဲ့ အချစ်တစ်ခုက ဘယ်လောက်ထိ လောင်ကျွမ်းသွားနိုင်သလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြည့်ရအောင်ဗျာ။

The Last Letter From Your Lover (2021)

Source : Netflix

ဒီဇာတ်ကားလေးကတော့ ဂျာနယ်လစ်တစ်ဦးက ၁၉၆၀ ခုနှစ်များဆီက အချစ်သဝဏ်လွှာတွေကို တွေ့ရှိပြီးနောက် ဆက်လက်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလနှစ်ခုကို ရိုက်ကူးထားတာကြောင့် အသေးစိတ် အချက်အလက်များနဲ့ ခေတ်ပြိုင် အချစ်ဇာတ်လမ်းကို ရှုစားရမှာ ဖြစ်ပါတယ်။ ဒီကားလေးက ကွီးတို့ ရင်ထဲထိစေမယ့် အချစ် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်မှာတော့ အသေအချာပါပဲ။

ဒီပိတ်ရက်မှာ အနားယူရင်း ဇာတ်ကားကောင်းလေးတွေ ကြည့်ရှုခံစားချင်တဲ့ ကွီးတို့အတွက် ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အမျိုးအစား စုံလင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီး ဝေမျှပေးဦးမှာ ဖြစ်တာကြောင့် စောင့်မျှော် ဖတ်ရှုပေးပါဦးခင်ဗျာ။

Source : Good Keeping

Featured Photo : IMDb