မိတ်ဆွေတို့မှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပါသလား။ ရည်မှန်းချက်ပန်းတိုင် မရှိတဲ့ ဘဝက လေလွင့်နေတဲ့ စွန်လိုပါပဲ ဦးတည်ရာမရှိဘဲ ရောက်ချင်တဲ့နေရာကို ရောက်နေမှာပါ။ ထို့အတူပါပဲ၊ ရည်မှန်းချက်တွေ ပန်းတိုင်တွေ မရှိရင် မိတ်ဆွေတို့ဘဝမှာ တိုးတက်အောင်မြင်မှုတွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။ မိတ်ဆွေတို့ ဒီစာဖတ်နေချိန်မှာ ကိုယ့်ရောက်ချင်တဲ့နေရာ၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အချိန်ယူပြီး သုံးသပ်ကြည့်ပါ။ ထို့နောက် ရည်မှန်းချက်ပန်းတိုင်တွေကို သတ်မှတ်ပါ။ ရည်မှန်းချက်ပန်းတိုင်တွေကို ထားရှိပြီးရင် ထိုအရာတွေဆီ အရောက်သွားပြီး ဆွတ်ခူးနိုင်ဖို့ လိုပါတယ်။ ဒီဆောင်ပါးလေးကတော့ မိတ်ဆွေတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေဆီ အရှိန်အဟုန်နဲ့ မောင်းတင်လျှောက်လှမ်းနိုင်ဖို့ ပံ့ပိုးပေးနိုင်မယ့် အချက်တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ရည်မှန်းချက်ပန်းတိုင်များ ရှင်းလင်းပြတ်သားမှု ရှိပါစေ

ရည်မှန်းချက် ပန်းတိုင်တွေဆီ

Photo : Vista Create

ရည်မှန်းချက်ပန်းတိုင်များ ထားရှိပြီးရင်လည်း ရှင်းလင်းပြတ်သားဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်များ မရေမရာ ဖြစ်နေတာ၊ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိတဲ့အခါ ဘာကို အရင်လုပ်ရမှန်းမသိဖြစ်ပြီး ဇဝေဇဝါ ဖြစ်လာတတ်ပါတယ်။ ထိုအခါ စိတ်အားထက်သန်မှုနဲ့ ကြိုးစားချင်စိတ်တွေ နည်းလာတတ်ပါတယ်။ ဒါကြောင့် သေသေချာချာ စဉ်းစားသုံးသပ်ပြီး မိတ်ဆွေတို့ရဲ့ ပန်းတိုင်က လုံးဝခိုင်မာပြီး အရှင်းလင်းဆုံး ဖြစ်နေပါစေ။

အဆိုးမြင်စိတ်တွေကို လွှတ်ချလိုက်ပါ

ရည်မှန်းချက် ပန်းတိုင်တွေဆီ

Photo : Youth Crisis Center

မိတ်ဆွေတို့ရေ ကျွန်တော်တို့ရဲ့စိတ်တွေ၊ အတွေးတွေက ကောင်းတဲ့အရာထက် မကောင်းတဲ့ အရာတွေကို ပိုပြီး အလေးပေးမိကြတယ် မဟုတ်ပါလား။ ထို့အတူပါပဲ၊ ကိုယ်ကိုယ်တိုင်နဲ့ ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့ အတွေးတွေထက် အဆိုးမြင်တဲ့အတွေးတွေ တွေးမိတတ်ကြပါတယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေနဒဲ့ အဆိုးမြင်စိတ်တွေက မိတ်ဆွေတို့အတွက် ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ “ငါမအောင်မြင်နိုင်ဘူး” “ငါ သူ့လိုလုပ်နိုင်ပါ့မလား” ဆိုတဲ့ အပျက်သဘောဆောင်တဲ့အတွေးတွေ၊ ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်တွေ နေရာမှာ “ငါလည်းကြိုးစားရင် ဖြစ်တာပဲ” “ငါလည်း အောင်မြင်အောင် လုပ်နိုင်တယ်” စတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးလိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်တွေဆီ သွားမယ့်လမ်းကြောင်း ဖြောင့်တန်းစေဖို့ အဆိုးမြင်စိတ်တွေကို လွှတ်ချခဲ့ဖို့ လိုပါတယ်။

အမှားလုပ်မိမှာကို မကြောက်ပါနဲ့

ရည်မှန်းချက် ပန်းတိုင်တွေဆီ

Photo : Grate People Inside

ဘယ်သူကမှတော့ အမှားတွေ၊ ကျရှုံးမှုတွေ ကိုမလိုချင်ကြသလို၊ အောင်မြင်ချင်တဲ့ သူတိုင်းက အမှားတွေကို ရည်ရွယ်ပြီးလုပ်မိတယ်ဆိုတာမျိုး မရှိပါဘူး။ သို့သော်လည်း ရည်မှန်းချက် ပန်းတိုင်တွေဆီ သွားနေတဲ့ လမ်းကြောင်းမှာ မအောင်မြင်ခင် အမှားတွေ လုပ်မိနိုင်ပါတယ်။ လူတော်တော်များများက သူတို့ရဲ့ လူငန်းတွေ၊ ရည်မှန်းချက်တွေကို မစတင်ခင်ကတည်းက အမှားလုပ်မိမှာ ကြောက်ပြီး ရှေ့ဆက်လုပ်ဆောင်ရမဲ့ အလုပ်တွေကို မလုပ်ဆောင်နိုင်တော့ဘဲ အောင်မြင်မှုကို ရရှိအောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အမှားလုပ်မိမှာကို ကိုမကြောက်ပါနဲ့။ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း ထိုအမှားတွေထဲမှာ ပိတ်မိမနေဘဲ အမှားတွေက တစ်ဆင့် သင်ယူပြီး အရှိန်အဟုန်နဲ့ ဆက်လက်လျှောက်လှမ်းပါ။

ပြင်းပြသော စိတ်ဓာတ်ရှိပါစေ

Photo : CEOWORLD magazine

ရည်မှန်းချက်ပန်းတိုင်တွေဆီ အရှိန်အဟုန်နဲ့ လျှောက်လှမ်းနိုင်ဖို့ မိတ်ဆွေတို့အနေနဲ့ ပြင်းပြတဲ့ စိတ်ဓာတ်လိုပါတယ်။ မိတ်ဆွေတို့ လိုချင်တဲ့ အရာကို ရ‌အောင်ယူမယ်ဆိုတဲ့ ပြင်းပြင်တဲ့စိတ်ဓာတ် တစ်နည်းအားဖြင့် စိတ်အားထက်သန်မှု မရှိရင် ဘယ်လိုသေးငယ်တဲ့ အရာကိုပဲ ဖြစ်စေ ရအောင်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ ရောက်ကိုရောက်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ရှိပါစေ။

အကြောက်တရားတွေကို ဖောက်ထုတ်ပစ်ပါ

Photo : The Confident Man

ပန်းတိုင်တွေဆီ အရှိန်အဟုန်နဲ့ မောင်းတင်လျှောက်လမ်းနိုင်ဖို့အတွက် မိတ်ဆွေတို့ ဖယ်ထုတ်ပစ်ရမယ့် အရာတစ်ခု ရှိပါတယ်။ ဒါကတော့ အကြောက်တရားပါပဲ။ အကြောက်တရားက စိတ်အားထက်သန်မှုတွေကို လျော့ကျစေပြီး ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အလှမ်းဝေးစေပါတယ်။ မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းတစ်ခုကို မစတင်ခင်မှာပဲ ကျရှုံးမှာကြောက်တာ၊ ပတ်ဝန်းကျင်က လူတွေရဲ့ ဝေဖန်မှုကို ကြောက်တာ၊ စိန်ခေါ်မှုတွေကို ကြောက်တာ၊ Comfort Zone ထဲက ရုန်းမထွက်နိုင်တာ စတာတွေ အကုန်နီးပါးပါဝင်ပါတယ်။ ဒါ့အပြင် အကြောက်တရားက မိတ်ဆွေတို့ကို နှေးကွေးစေပြီး ချီတုံချတုံဖြစ်စေကာ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်စွမ်းကို လျော့ကျစေပါတယ်။

လွယ်လွယ်ကူကူ လက်မလျော့ပါနဲ့

မင်းက Loser

Photo : Sticky Banding

မိတ်ဆွေတို့က ရည်မှန်းချက်ပန်းတိုင်တွေတော့ ရှိပါရဲ့၊ သို့သော်လည်း အခက်အခဲတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လွယ်လွယ်ကူကူ လက်လျော့လိုက်ရင်တော့ အလကားပါပဲ။ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ လက်လျော့တတ်ရင် ကိုယ်လုပ်ချင်တဲ့ အရာ၊ ကိုယ်ပိုင်ဆိုင်ချင်တဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးပဲ ကြုံကြုံ လွယ်လွယ်ကူကူ လက်လျော့တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ ရည်မှန်းချက်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ပြီး ပြန်လည် ချီတတ်ပါ။ လွယ်လွယ်ကူကူ လက်မလျော့ဘဲ တစိုက်မတ်မတ်နဲ့ ကြိုးစားလျှောက်သူများအတွက် ပိုကောင်းတဲ့ အနာဂတ်နဲ့ အောင်မြင်မှုပန်းတိုင်တွေက စောင့်ကြိုနေမှာ အမှန်ပါပဲ။

အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို နှလုံးမူပြီး လိုက်နာခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေဆီ ကို အမြန်ဆုံးရောက်ရှိပိုင်ဆိုင်နိုင်မယ်ဆိုတာ ရဲရဲကြီး အာမခံလိုက်ပါတယ်ဗျာ။

Featured Photo : Vista Create