မိတ်ဆွေတို့ရေ လူတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေ ရှိပေမဲ့ လူတိုင်းတော့ ၎င်းတို့ရဲ့ စိတ်ကူး အိမ်မက်တွေကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ကြပါဘူး။ အိမ်မက်တွေက လက်တွေ့ဖြစ်မလာဘဲ အိမ်မက်တွေ အဖြစ်နဲ့သာ ပြီးဆုံးသွားကြပါတယ်။ ဒီလို အောင်မြင်မှုဆီကို မတက်လှမ်းနိုင်တဲ့ အကြောင်းပြချက်တွေကတော့ မိမိကိုယ်ကိုယ် သံသယဖြစ်ခြင်း၊ စိတ်အားထက်သန်မှုမရှိခြင်း၊ လမ်းညွှန်မှုမရှိခြင်း သို့မဟုတ် မိမိတို့ကိုယ်တိုင် လိုချင်သည့်အရာကိုပင် မသိခြင်းဖြစ် စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အိမ်မက်စိတ်ကူးတွေကနေ အောင်မြင်မှုဆိုတဲ့ကြယ်ကို အရယူချင်တဲ့သူတွေ အများကြီး ရှိနိုင်ပါသေးတယ်။ မိတ်ဆွေတို့ အနေနဲ့ အောင်မြင်မှု တွေဆီကို တတ်လှမ်းချင်တဲ့ လှေကားထစ်များ ကို ကိုယ်တိုင်ဖန်တီးချင်တဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးက မိတ်ဆွေတို့အတွက်ပါပဲ။

ဘာကိုလိုချင်တာလဲဆိုတာ သေချာသိပါစေ

အောင်မြင်မှု လှေကားထစ်များ

Photo : Viking Masek

မိတ်ဆွေတို့ အောင်မြင်မှုဆီကို တက်လှမ်းတဲ့အခါမှာ ကိုယ်ကိုယ်တိုင်က ဘယ်အရာကို အောင်မြင်မှု အနေနဲ့ သတ်မှတ်တာလဲ၊ ဘယ်အရာကို အမှန်တကယ်လိုချင်တာလဲဆိုတာ အရင် ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ပါ။ ကိုယ်ကိုယ်တိုင် ရယူချင်တဲ့ ပန်းတိုင်ကို သိခြင်းက အောင်မြင်မှုလမ်းကြောင်းကို ချမှတ်ရာမှာ ကူညီပေးပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လည်း အထောက်အကူပြုပါတယ်။ ကိုယ်ကိုယ်တိုင် မသေချာမရေရာမှုတွေနဲ့ ပြည့်နေတဲ့အခါ စိတ်ကူးအိမ်မက်တွေကို အရယူနိုင်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် အချိန်ယူပြီး ကိုယ်တိုင်ဘာကိုလိုချင်လဲ ဆိုတာ သိအောင်ကြိုးစားပါ။ ဒါက အောင်မြင်မှု ဆီတက်မဲ့ လှေကားထစ်များ ထဲက ပထမဆုံး လှေကားထစ်ပါပဲ။

အရည်အချင်းများကို မြှင့်တင်ပါ

အောင်မြင်မှု လှေကားထစ်များ

Photo : Clemfax

မိတ်ဆွေတို့ရေ အောင်မြင်မှုဆီ တက်လှမ်းတဲ့ နေရာမှာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်နေဖို့ လိုပါတယ်။ ကိုယ့် ဘဝတိုးတက်နေအောင် အမြဲကြံဆောင်ပါ။ လိုအပ်တဲ့ အရာတွေကို သင်ယူပါ။ ယနေ့ခေတ် ကမ္ဘာကြီးက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာကြောင့် ကိုယ့်ရဲ့အိမ်မက်တွေကနေ အောင်မြင်မှုဆီကို တက်လှမ်းတဲ့ နေရာမှာ ကိုယ်တိုင်အရည်အချင်းတွေကို စဉ်ဆက်မပြတ် မြှင့်တင်နေပြီး အသုံးချရမှာပဲ ဖြစ်ပါတယ်။

အပြုသဘောဆောင်တဲ့ အတွေးအမြင်ထားရှိပါ

အောင်မြင်မှု လှေကားထစ်များ

Photo : Bene Garter

အိမ်မက်တွေကို အောင်မြင်မှုများအဖြစ် အကောင်အထည်ဖော်ဖို့ တက်လှမ်းတဲ့နေရာမှာ နောက်ထပ် လှေကားထစ်တစ်ခုကတော့ အကောင်းမြင်စိတ် တစ်နည်းအားဖြင့် အပြုသဘောဆောင်တဲ့ အတွေးအမြင်ရှိခြင်းပါပဲ။ အပြုသဘောဆောင်သော အတွေးအမြင်ရှိခြင်းက မိတ်ဆွေတို့အတွက် မထင်မှတ်ထားလောက်အောင် ကြီးမားသော အကျိုးသက်ရောက်မှု ရရှိစေပါတယ်။ အပြုသဘောဆောင်သော အတွေးအမြင်ထားရှိခြင်းက မိတ်ဆွေတို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပြီး စိတ်ပိုင်းဆိုင်ရာ အနေနဲ့ဆိုလျှင် စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပြီး တီထွင်ဖန်တီးမှုကို ပိုမိုအားကောင်းစေပါတယ်။

ကြိုးစားပါ

အောင်မြင်မှု လှေကားထစ်များ

Photo : Linkedin

မိတ်ဆွေတို့ရေ ကြိုးစားတဲ့သူတွေအတွက် အမြဲတမ်းနေရာ ရှိတယ်ဆိုတာ သတိရပေးပါ။ ဒါ့အပြင် အောင်မြင်မှုဆီကို တက်လှမ်းမဲ့ လှေကားထစ်တွေဆိုလည်း မမှားပါဘူး။ ဘယ်အရာကိုမဆို တိုးတက် အောင်မြင်မှုကိုလိုချင်ရင် စိတ်အားထက်သန်မှုရှိပြီး ကြိုးစားရပါမယ်။ ဘဝ တိုးတက်ပြောင်းလဲမှု၊ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ပြီးတော့ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ

 

Photo : Forbes

ဘဝ မှာ အောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ ဘယ်လိုနည်းလမ်းက မိတ်ဆွေတို့အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့ လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ မိမိကိုယ်တိုင်ထက် ဘယ်သူမှ ပိုမသိနိုင်ပါ။

ဖြေးဖြေးမှန်မှန် တက်လှမ်းပါ

Photo : Forbes

လူတော်တော်များများက အခု ရေတွင်းတူး အခု ရေကြည်သောက်ချင် ကြပါတယ်။ အမှန်တကယ်တော့ ကောင်းမွန်တဲ့ အရာ၊ တန်ဖိုးရှိတဲ့ အရာမှန်သမျှ လွယ်လွယ်ကူကူ နဲ့ မြန်မြန်ဆန်ဆန်ရရိုး ထုံးစံမရှိပါဘူး။ ထို့အတူပါပဲ အောင်မြင်မှုဆိုတာ နေ့ချင်းညချင်း မရနိုင်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုထိ ကြာနိုင်ပြီး ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုတွေ၊ လုံ့လဝီရိယတွေ စိုက်ထုတ်ဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အရာကို ဂရုတစိုက်နဲ့ အရှိန်မြှင့်နေဖို့ လိုပါတယ်။ ဒါကြောင့် မလောပါနဲ့။ ဖြေးဖြေးမှန်မှန် လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းသွားပါ။ မဝေးတဲ့ တစ်နေ့မှာ‌ မုချရောက်မှာ အမှန်ပါပဲ။

မကြောက်ပါနဲ့

Photo : Coner

လူတော်တော်များများက အောင်မြင်မှုဆီကို ရောက်အောင်မသွားနိုင်ကြတာဟာ အကြောက်တရားရှိလို့ပါ။ စိန်ခေါ်မှုတွေကို ကြောက်တာ၊ ကျရှုံးမှာကြောက်တာ၊ အပြောင်းအလဲလုပ်ရမှာ ကြောက်တာ၊ ဆုံးရှုံးမှာကြောက်တာ စတဲ့အကြောက်တရားတွေက မိတ်ဆွေတို့ရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ ပိတ်နေတဲ့ အတားအစီးပါပဲ။ မိတ်ဆွေတို့ အိမ်မက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်အရာကိုမှ မကြောက်ရွံ့ပါနဲ့၊ ဘယ်ကြောင့်နဲ့မှ မတွန့်ဆုတ်ပါနဲ့။ အိမ်မက်တွေကို အကောင်အထည် ဖော်တဲ့ လမ်းတစ်လျှောက်မှာ အတားအဆီးအချို့ကို ရင်ဆိုင်ရမှာ သေချာသော်လည်းပဲ အရေးကြီးသည့်အရာမှာ ရဲရဲဝံ့ဝံ့ရှေ့သို့ ဆက်သွားရန်ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကို သေချာ လိုက်နာကျင့်သုံးမယ်ဆိုရင် ကွီးတို့ကို အောင်မြင်မှု ဆီသို့ ခေါ်ဆောင်သွားပေးနိုင်မဲ့ လှေကားထစ်များ ကို ကိုယ်တိုင်ဖန်တီးပြီးသား ဖြစ်စေမှာ အမှန်ပါပဲ။

Featured Photo : Business Blog