သြစတြီးယား ဆိုတာက ဥရောပအသင်းတွေထဲမှာ ထိပ်တန်း ကစားသမား အနည်းငယ်လေးနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်တုန်းကပဲ တတိယနေရာအထိ အမြင့်ဆုံး အောင်မြင်ခဲ့ဖူးပြီး ၂၀၀၂ ကမ္ဘာ့ဖလားကနေ ၂၀၂၂ကမ္ဘာ့ဖလားအထိမှာတော့ ခြေစစ်ပွဲတောင် မအောင်မြင်ပဲ ဝင်ရောက် မဆင်နွဲခဲ့ရပါဘူး။ ယူရိုပြိုင်ပွဲမှာဆိုရင်လည်း (၃)ကြိမ်လေးသာ ပါဝင်ခဲ့ရသလို အမြင့်ဆုံး အောင်မြင်မှုက (၁၆)သင်း ရှုံးထွက်အဆင့်သာ ရှိခဲ့ရပါတယ်။ ဒါပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ သြစတြီးယားဟာ လျှော့တွက်လို့ရတဲ့ အသင်း ဟုတ်မနေတော့ပါဘူး။

marcel sabitzer

Photo Credit: Opta Analyst

သြစတြီးယား ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ပြင်သစ် နယ်သာလန် ပိုလန်တို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာဖြစ်ပြီး သာမန်ကာလျှံကာပဲ ကြည့်လိုက်မယ်ဆိုရင် သြစတြီးယားက အုပ်စုဘိတ်ချီးလို့တောင် ထင်ကောင်းထင်မိနိုင်ပါတယ်။ သူတို့အသင်းမှာက ဒေါ့မွန့်က ဆာဘစ်ဇာရယ် အင်တာမီလန်က အနော်တိုဗစ်ရယ် ဘိုင်ယန်မြူးနစ်က လိုင်းမားရယ် လိုက်ပ်ဇစ်က ဘောင်ဂါနာလောက်ရယ်ပဲ လူသိများတဲ့ ကစားသမားတွေအဖြစ် ပါဝင်နေပြီး အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် နောက်ခံလူ အလာဘာကတော့ ဒဏ်ရာကြောင့် ဒီပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

austia 1-0 poland

Photo Credit: The Sun

ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲမှာ ပြင်သစ်နဲ့ ဆုံတယ်။ ပြင်သစ်လို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းကိုတောင် ကောင်းကောင်း ဒုက္ခပေး ကစားသွားနိုင်ခဲ့တဲ့ သြစတြီးယားဟာ ကံဆိုးပြီး အသင်းက နောက်ခံကစားသမား ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ ဂိုးနဲ့ပဲ ပြင်သစ်ကို အရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ပိုလန်အသင်းနဲ့ပွဲစဉ်မှာ သူတို့အသင်းရဲ့ အကောင်းဆုံးပုံစံကို ပိုမို ပြသခဲ့နိုင်ခဲ့ပြီး ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။ နယ်သာလန်နဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာကတော့ နယ်သာလန် တောင်ပံကစားသမား မာလန်းရဲ့ own goal နဲ့ စောစောစီးစီး ဦးဆောင်ခွင့် ရထားတဲ့ သြစတြီးယား ဟာ နယ်သာလန်နဲ့ သူတစ်ဂိုးကိုယ်တစ်ဂိုး သွင်းယူရင်း နောက်ဆုံးမှာတော့ ဆာဘစ်ဇာရဲ့ ဦးဆောင်ဂိုးနဲ့ပဲ နယ်သာလန်ကိုပါ အနိုင်ယူခဲ့ပြန်ပါတယ်။

Ralf Rangnick

Photo Credit: BBC

ခုတော့ သြစတြီးယားဟာ တကယ့်ကို အုပ်စုကျပ်ထဲမှာမှ ပြင်သစ် နယ်သာလန်နဲ့ ပိုလန်တို့ရဲ့အထက် အုပ်စုဗိုလ်နေရာနဲ့ပါ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ရပြီဖြစ်ပြီး ဒီလို စွမ်းဆောင်မှုမျိုးကို ဖော်ဆောင်နိုင်ခဲ့တာဟာလည်း အသင်းနည်းပြ ရန်းညစ်ကြောင့်ဆိုတာ လုံးဝ သေချာပါတယ်။ ကလော့ပ် တူဟယ်လ်တိုရဲ့ ဆရာသမားလည်း ဖြစ်သလို နည်းစနစ်ပိုင်းတွေ အလွန်ကျွမ်းကျင်တဲ့ ဂျာမနီသားကြီးက ဘိုင်ယန်နည်းပြရာထူးကိုတောင် ပယ်ချခဲ့ပြီး သြစတြီးယား ကိုသာ ဆက်လက် ကိုင်တွယ်ခဲ့ရင်း အခု အုပ်စုကျပ်မှာပါ အုပ်စုပထမနေရာထိ ရယူပေးနိုင်ခဲ့ပြီဖြစ်လို့ ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဘာတွေ ဆက်လုပ်ပြနိုင်ဦးမလဲဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။

Featured Photo: Evening Standard