မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာပြီး ပေါ်ပေါ်ချင်းမှာပဲ လက်စောင်းထက်ပြခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ အခုတော့ သူရဲ့ တည်ငြိမ်မှု မရှိလှတဲ့ စွမ်းဆောင်ရည်တွေ အသင်းတိုက်စစ်မှာ လုံးဝ အားမထားရတာတွေကြောင့် အသင်းကနေ လစ်သွားရတော့ပါမယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ကိုလည်း အခု ဆောင်းဈေးကွက်အတွင်းမှာ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတဲ့ ကလပ်အသင်းတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ ဘယ်အသင်းတွေဆီ ရောက်သွားနိုင်မလဲဆိုတာ သုံးသပ်သွားကြည့်ပါမယ်။
အေစီမီလန်
Photo : Goal
ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံးက မီလန်ပါ။ မီလန်မှာက အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ အေဘရာဟမ် တိုမော်ရီနဲ့ လော့တပ်ချ်ိဖ်တို့ ရှိနေသလို ရပ်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်မှာ လက်တွဲဖူးခဲ့တဲ့ အီဘရာဟီမိုဗစ်လည်း မီလန်မှာ အသင်းပိုင်ရှင် အမေရိကန် သူဌေးတွေရဲ့ အကြံပေးအဖြစ်ပါ ဆောင်ရွှက်နေပါတယ်။ လက်ရှိမှာလည်း မီလန်က အိုကာဖောကို လိုက်ပ်ဇစ်ဆီ လက်လွတ်လိုက်ဖြစ်လို့ left-wing နေရာအတွက် ရပ်ရှ်ဖို့ဒ်ကို ပိုပြီး အလိုရှိလာနိုင်ပါတယ်။ မကြာသေးခင်ကလည်း မီလန်က ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။
နာပိုလီ
Photo : Factandfootball Facebook Page
နာပိုလီကတော့ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ မလိုအပ်ခဲ့ရာကနေ လက်ရှိမှာ အသင်းက ခွာရတ်စကယ်လီယာက ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခါနီးမို့ ဒီကစားသမားနေရာအတွက် ရပ်ရှ်ဖို့ဒ်ကို အမှန်တကယ် ခေါ်ယူချင်လာခဲ့ပါတယ်။ နာပိုလီက ဒီနွေမှာလည်း ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးကို ခေါ်ယူထားခဲ့တာ ဖြစ်သလို ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူကိုပါ ခေါ်ယူထားလို့ နာပိုလီ တိုက်စစ်မှာ လူကာကူနဲ့ ရပ်ရှ်ဖို့ဒ် အတွဲအဖက်ကို ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။
ဘာစီလိုနာ
Photo : Football Insider
မကြာသေးခင်ကမှ အော်လ်မိုကို ခက်ခက်ခဲခဲ register လုပ်ခဲ့ရတဲ့ ဘာစီလိုနာက အခုလည်း ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာခဲ့သလို ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ယူနိုက်တက်ကနေ ထွက်ခွာရမယ်ဆိုရင် စပိန်မြေမှာ ကစားသမားဘဝကို ဖြတ်သန်းချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ကလည်း စောင့်ကြည့်ချင်စရာကောင်းပေမယ့် ဖြစ်ပေါ်လာဖို့ကတော့ ခက်ခဲနိုင်ပါတယ်။
ဒေါ့မွန်
Photo : SPORTbible
ဒေါ့မွန်ကလည်း သူတို့ရဲ့ တောင်ပံကစားသမား မာလန်းနဲ့ လက်တွဲဖြုတ်တော့မယ့် အခြေအနေတွေကြောင့် ဒီကစားသမားနေရာမှာ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ပြန်လည် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အနေနဲ့က ရပ်ရှ်ဖို့ဒ်အတွက် လုပ်ခလစာ အပိုင်းမှာ အတော်လေး ခက်ခဲနိုင်တာကြောင့် ရပ်ရှ်ဖို့ဒ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာလည်း ဖြစ်ပေါ်လာဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပါလိမ့်မယ်။
ဂျုဗင်တပ်စ်
Photo : Forza Juventus
ဂျုဗင်တပ်စ်ကတော့ ဒီဈေးကွက်ထဲမှာ သူတို့ရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို လက်လွတ်သွားရမယ်ဆိုရင် တိုက်စစ်ပိုင်း ပြန်လည် အားဖြည့်ဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းထဲမှာ ရပ်ရှ်ဖို့ဒ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်က ရပ်ရှ်ဖို့ဒ်ထက် ပီအက်စ်ဂျီကနေ ထွက်ခွာရဖို့ ရှိနေတဲ့ ပြင်သစ် တိုက်စစ်ကစားသမား ကိုလို မူအာနီကိုသာ ပိုမို ဦးစားပေး အလိုရှိနေပြီး သူတို့ လိုချင်တဲ့ ကစားသမားတွေ မရမှသာ ရပ်ရှ်ဖို့ဒ်ကို ကြိုးပမ်းလာနိုင်ပါတယ်။
Featured Photo : CaughtOffside