ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ကွန်ဒုံးတွေမှာ အရသာမျိုးစုံ ပါဝင်နေရတာ ဘာကြောင့်လဲ တွေးဖူးပါသလား။ ဒါဟာ လူစိတ်ဝင်စားအောင်လုပ်တဲ့ အရောင်းနည်းဗျူဟာတစ်ခုလို့ သင်ထင်ကောင်းထင် နိုင်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကွန်ဒုံးတွေမှာ အနံ့အရသာတွေ ထည့်ထားရတဲ့ အကြောင်းအရင်း သပ်သပ်ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရသာစုံ ကွိုင် တွေအကြောင်း လေ့လာကြည့်ရအောင်ပါ။

ကွန်ဒုံးတွေမှာ အနံ့အရသာတွေ ထည့်ထားရတာဟာ အဓိကအားဖြင့် ပါးစပ်နဲ့ လိင်ဆက်ဆံစဉ်မှာ အသုံးပြုဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Oral Sex လုပ်ချိန်မှာ ကွန်ဒုံးအပေါ်ယံလွှာပေါ်က အနံ့အရသာတွေဟာ Latex သားရေအနံ့ကြီးကို ဖုံးအုပ်ပေးထားတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုပေးဖို့ မဖြစ်မနေ လိုအပ်ပြီး ကွန်ဒုံးအသုံးပြုခြင်းဖြင့် လိင်ကတဆင့်ကူးစက်ရောဂါတွေ (STIs) ကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အနံ့အရသာပါတဲ့ ကွန်ဒုံးတွေဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ ဘေးကင်းဖို့အတွက်သာမက သာယာတဲ့ လိင်မှုဆိုင်ရာ ခံစားချက်ကိုပါ ပေးစွမ်းမှာ ဖြစ်ပါတယ်။

ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်ဘာကြောင့် လိုသလဲ ?

flavored condoms

Photo : Healthline

အဖြေက ရိုးရှင်းပါတယ်။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိမှုကို တားဆီးပေးရုံမျှမက လိင်ကနေတစ်ဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေကိုလည်း ရာခိုင်နှုန်းတစ်ခုအထိ တားဆီးကာကွယ်ပေးပါတယ်။ STIs ရောဂါတွေဟာ မိန်းမကိုယ်နဲ့ ဆက်ဆံခြင်း ၊ စအိုနဲ့ လိင်ဆက်ဆံခြင်းတွေအပြင် အကာအကွယ်မဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းအပါအဝင် လိင်မှုဆိုင်ရာလုပ်ဆောင်မှုအမျိုးမျိုးကနေတဆင့် ကူးစက်နိုင်ခြေ ရှိပါတယ်။

ကလက်မိုင်ဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျ(ဂနို)ရောဂါ (Gonorrhoea) ၊ ကာလသားရောဂါ (Syphilis) ၊ HPV နဲ့ HIV အပါအဝင် STIs ရောဂါ တော်တော်များဟာ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်ပျံ့ပွားနိုင်ပါတယ်။ သင့်ပါတနာမှာ ဘာလက္ခဏာမှ မပြဘူးဆိုရင်တောင် STIs က ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါမှာ အကာအကွယ်အသုံးပြုဖို့ မဖြစ်မနေ လိုအပ်တာပါ။

ပါးစပ်နဲ့လိင်ဆက်ဆံစဉ်မှာ အကာအကွယ်အသုံးပြုတာဟာ STIs ရောဂါ ကူးစက်ခြင်း သို့မဟုတ် ပြန့်ပွားခြင်းအန္တရာယ်ကို အပြည့်အဝ တားဆီးနိုင်ခြင်း မရှိပေမယ့်လည်း ကူးစက်နိုင်ခြေ အန္တရာယ်ကိုတော့ လျှော့ချပေးနိုင်ပါတယ်။

အနံ့အရသာပါတဲ့ ရသာစုံ ကွိုင် တွေကို ဘယ်လိုအသုံးပြုမလဲ

flavored condoms

Photo : Let’s Eat Cake

Flavored Condoms လို့ခေါ်တဲ့ အနံ့အရသာပါတဲ့ ကွန်ဒုံးတွေကို စမ်းသုံးဖို့ စဉ်းစားထားတယ်ဆိုရင် ပထမအဆင့်အနေနဲ့ သင့်တော်မယ့် အမျိုးအစားကို သေချာရွေးဝယ်ဖို့ လိုပါတယ်။ ကွန်ဒုံးအရွယ်အစားဟာ ကြီးလွန်းတာ သို့မဟုတ် သေးလွန်းနေပါက ချော်ထွက်တာ ဒါမှမဟုတ် ကွဲထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဆိုဒ်အရွယ်အစား သင့်တော်မှန်ကန်မှသာ သင်ရော သင့်ပါတနာ နှစ်ဦးလုံးမှာ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ အဆင်ပြေချောမွေ့ပြီး သာယာတဲ့ ခံစားမှုကို အပြည့်အဝ ရနိုင်မှာဖြစ်ပါတယ်။

အနံ့အရသာပါတဲ့ ကွန်ဒုံးတော်တော်များများက Latex ရာဘာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ Latex နဲ့ဓာတ်မတည့်မှုရှိပါက အသုံးမပြုခင်သေချာ စစ်ဆေးဖို့ လိုမှာပါ။ နောက်ထပ် သိထားရမယ့် အရေးကြီးတဲ့အချက်က အနံ့အရသာပါတဲ့ ကွန်ဒုံးတွေဟာ ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မှာ အသုံးပြုဖို့အတွက် အဓိကထား ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် ကွန်ဒုံးဗူးပေါ်မှာ မိန်းမကိုယ် ဒါမှမဟုတ် စအိုနဲ့ လိင်ဆက်ဆံခြင်းအတွက် အသုံးပြုမှုကို တားမြစ်ထားတဲ့ အညွှန်းပါပါက ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းက လွဲပြီး လုံးဝမသုံးသင့်ပါဘူး။ အနံ့အရသာ ထည့်သွင်းထားတဲ့ ကွန်ဒုံးအပေါ်ယံအလွှာဟာ အမျိုးသမီးအင်္ဂါ (မိန်းမကိုယ်) ပိုးဝင်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ကွန်ဒုံးအသုံးမပြုမီ အသုံးပြုနည်း အညွှန်းကို အမြဲဖတ်ဖို့ လိုပါတယ်။

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းအတွက် အနံ့အရသာပါတဲ့ ရသာစုံ ကွိုင် တွေကို အသုံးပြုနည်းအကြံပြုချက်

 flavored condoms

Photo : ohiggins100.cl

ကွန်ဒုံးသုံးနည်းကို သေချာသိပါစေ။ မှန်ကန်သင့်လျော်တဲ့ ကွန်ဒုံးကို အမြဲသုံးပါ။

ကွန်ဒုံးမှာပါတဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ။ ထုပ်ပိုးမှုပုံစံပျက်စီးနေပါက သို့မဟုတ် စုတ်ပြဲနေပါက အဆိုပါကွန်ဒုံးကို လုံးဝမသုံးသင့်ပါဘူး။ ကွန်ဒုံးမှာ သေးငယ်တဲ့ အပေါက်လေးတွေ သို့မဟုတ် မြင်သာတဲ့ ပေါက်ရာပြဲရာ ပြဿနာတွေရှိမရှိသိနိုင်ဖို့ အသုံးမပြုခင် ကွန်ဒုံးကို အမြဲစစ်ဆေးသင့်ပါတယ်။

လိင်ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံးအသစ်ကို အမြဲသုံးပါ။ ပါးစပ်နဲ့ လိင်ဆက်ဆံပြီး အခြား မိန်းမကိုယ် သို့မဟုတ် စအိုနဲ့ ဆက်ဆံမယ်ဆိုပါက နောက်ထပ်ကွန်ဒုံးအသစ်တစ်ခုကို ထပ်မံအသုံးပြုဖို့ လိုအပ်ပါတယ်။

ကွန်ဒုံးနဲ့ ချောဆီကိုတွဲသုံးမယ်ဆိုရင် စိတ်ချရတဲ့ ချောဆီအမျိုးအစားကိုသာ အသုံးပြုပါ။ သံလွင်ဆီနဲ့ အုန်းဆီကဲ့သို့ သဘာဝချောဆီတွေဟာ Latex ကွန်ဒုံးကို ပေါက်ပြဲစေနိုင်ပြီး ကိုယ်ဝန်ရနိုင်ခြေ သို့မဟုတ် STIs ကူးစက်နိုင်ခြေကို တိုးစေပါတယ်။

လိင်မှုဆိုင်ရာလုပ်ဆောင်မှုအားလုံးအတွက် အကာအကွယ်အသုံးမပြုဘူးဆိုရင် သင်ဟာ STIs ရောဂါကူးစက်ခံရနိုင်ခြေ ပိုများတယ်ဆိုတာကို သတိရစေချင်ပါတယ်။

Featured Photo : Wavelength