ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာ ဟာ ပြီးခဲ့တဲ့လက ရရှိခဲ့သော ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသွားဖို့ လိုအပ်ကြောင်း အတည်ပြုခဲ့ပြီးနောက် ဒီတစ်ပတ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ရမဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပါအဝင် ပီအက်စ်ဂျီအသင်းရဲ့ ဒီရာသီ လက်ကျန်ပွဲစဉ်တွေအားလုံးအထိပါ လွဲချော်သွားရတော့မှာပဲ ဖြစ်ပါတယ်။

neymar

Photo Credit : Marca

ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ လိုင်လီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဂူးပွဲစဉ်အတွင်းမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့ရင်း ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ လူစားလဲခဲ့ရသလို အဲ့ဒီနောက်ပိုင်းကတည်းက အသင်းရဲ့ ပွဲစဉ်(၂)ပွဲဖြစ်တဲ့ မာဆေးလ် ၊ နန့်စ်တို့ပွဲတွေကို ဆက်တိုက် လွဲချော်ထားရတာ ဖြစ်ပါတယ်။ အခု ကလပ်အသင်းက နေမာရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှာ ခွဲစိတ် ကုသမှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သလို နေမာ အနေနဲ့ကလည်း (၃) (၄)လလောက် အနားယူရမယ်လို့ ပြောကြားလာခဲ့ပါတယ်။

neymar jr

Photo Credit : Goal

လက်ရှိမှာ ဘောလုံးရာသီ ပြီးဆုံးဖို့က (၃)လဝန်းကျင်လောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ နေမာသာ (၃)လနဲ့ (၄)လကြား အနားယူရမယ်ဆိုရင်တော့ ဒီရာသီ အကုန်အထိကို နားသွားရနိုင်ပါတယ်။ ဒါဟာ ပီအက်စ်ဂျီအသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပြီး တိုက်စစ်မှာ ရွေးချယ်စရာ option နည်းသွားနိုင်သလို နေမာ အတွက်ကလည်း ညာဘက်ခြေချင်းဝတ်မှာ ရရှိနေတဲ့ ဒဏ်ရာ အပါအဝင် ဒဏ်ရာ ပြဿနာပေါင်းစုံက သူ့ကစားသမားဘဝကို အပီအပြင် ဒုက္ခပေးခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။

neymar jr injury

Photo Credit : Sportsnet

ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ထူးထူးခြားခြား ဒဏ်ရာကြောင့် ပွဲဆက်အများကြီး အနားယူရခြင်း မရှိခဲ့တဲ့ နေမာ ဟာ ညီမဖြစ်သူ ရာဖယ်လ်လာရဲ့ မွေးနေ့နား နီးကပ်လာလို့ ပုံမှန်အတိုင်း ဒဏ်ရာရသွားခဲ့တာလို့ ထင်ခဲ့ရပေမဲ့ အခုလို ရာသီကုန်အထိ အနားယူရတော့မှာက သူ့အတွက်ရော ကလပ်အသင်းတွေပါ နစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်။ နေမာဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် (၂၉)ပွဲကစား (၁၉)ဂိုးသွင်းပြီး (၁၇)ဂိုးအထိတောင် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်သူဖြစ်လို့ သူ့လို ကစားသမားမျိုးကို အခုလို အရေးကြီးတဲ့ အချိန်အခါမျိုးမှ ကာလရှည် လက်လွတ်ရတော့မယ်ဆိုတာ ပီအက်စ်ဂျီအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာစေနိုင်ပါတယ်။

Featured Photo : Sporting News