မန်ချက်စတာ ယူနိုက်တက် ကစားသမား ဂျေဒန် ဆန်ချို ဟာ ရာသီဥတု အပူချိန်မြင့်မားခြင်းကြောင့် အာသီးရောင်ရောဂါ ခံစားနေရပြီး လက်ကျန်ရာသီကို လွဲချော်နိုင်ဖွယ်ရှိနေကြောင်း မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းနစ်ခ် က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Photo : Daily Mail
ဆန်ချိုဟာ ဖျားနာနေမှုကြောင့် ကြာသပတေးနေ့က အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးကို ၁ – ၁ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲနဲ့ လွဲချော်ခဲ့ရပြီး ရန်းနစ်ခ် က အဆိုပါ ပြဿနာကြောင့် ပေါင် ၇၃ သန်းတန် အင်္ဂလန် ကြယ်ပွင့်ဟာ လာမယ့် မေလ၂၂ ရက်နေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ရာသီကုန် နောက်ဆုံးပွဲအထိ အနားယူရမှာကို စိုးရိမ်နေပါတယ်။
ဆန်ချိုရဲ့ အာသီးရောင်တဲ့ ကျန်းမာရေးအခြေအနေအတွက် တခြားဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိပါက ရာသီအကုန်အထိ အနားယူရနိုင်ကြောင်း ယူနိုက်တက်နည်းပြက ဝန်ခံပြောကြားခဲ့ပါတယ်။
တနင်္လာနေ့ညမှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်အသင်းရဲ့ အခုနှစ်ရာသီ နောက်ဆုံး အိမ်ကွင်းပွဲစဉ် မတိုင်မီ ရန်းနစ်ခ်က ” ဂျေဒန် ဆန်ချိုဟာ ရာသီကုန်အထိ အနားယူရဖွယ် ရှိနေပါတယ် ၊ ၎င်းရဲ့ အာသီးရောင်ရောဂါကြောင့် ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပွဲကိုလည်း လွဲချော်ရဖို့ သေချာသလောက် ရှိနေပါတယ် ၊ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားဖို့ အချိန် နောက်ထပ် ၃ ပတ်ပဲ လိုတော့ပေမယ့် ဒီလာမယ့် ၂ ပွဲအတွက်တော့ ပါဝင်ဖို့မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

Photo : Daily Mail
ဆန်ချို ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး ခွဲစိတ်ကုသမှုပြုလုပ်ရနိုင်ခြေရှိမရှိ မေးမြန်းခဲ့ရာမှာတော့ ” ခွဲစိတ်ကုသမှု လုပ်ရကောင်း လုပ်ရနိုင်ပါတယ် ၊ သူ့အာသီးက အရမ်းကို ရောင်နေတာပါ ၊ အပူချိန်လည်း မြင့်နေတာဆိုတော့ ၊ အဲဒါကြောင့် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့သလို လာမယ့် ပွဲစဉ်၂ ပွဲမှာလည်း မပါဝင်နိုင်ဖို့ သေချာသလောက်နီးပါး ရှိနေပါတယ် ”
” ဒီ အာသီရောင်တဲ့ အခြေအနေကို ထိန်းထားနိုင်မယ်လို့ မျှော်လင့်ရပြီး တကယ်လို့ ခွဲစိတ်ဖယ်ရှားဖို့ ဖြစ်လာမယ်ဆိုရင်လည်း ရာသီအကုန်မှပဲ လုပ်ဖြစ်နိုင်ပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။
Featured Photo : Daily Mail

