ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ တော့တင်ဟမ်စပါး အသင်းပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အံ့မခန်း ဟက်ထရစ်သွင်းယူမှုကို မြင်တွေ့ခဲ့ရပြီးနောက် ယူနိုက်တက် ရဲ့ ယာယီနည်းပြ ရန်းနစ်ခ်က ” ရော်နယ်ဒို ပေါ်တူဂီကို အပတ်တိုင်း သွားသင့်တယ်” လို့ စနောက်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က တင်ပါးဆုံဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ မွေးရပ်မြေ ပေါ်တူဂီကို ပြန်ခဲ့ရပြီး အသင်းမှာ လူစားလဲခံမှုအပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ရန်းနစ်ခ်

Photo : United In Focus

ဒါပေမယ့် အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ ယူနိုက်တက်ရဲ့ ထိပ်တန်း ၄ သင်း စာရင်းဝင်ရေး မျှော်မှန်းချက်ကို အသက်သွင်းဖို့ တော့တင်ဟမ် စပါးအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီး လေ့ကျင့်ရေး ၂ ရက်သာ ဆင်းခဲ့ရပေမယ့် ဟက်ထရစ်သွင်းယူကာ စပါးအသင်းကို ၃ – ၂ ဂိုးနဲ့ အနိုင်ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ရန်းနစ်ခ်ကတော့ ရော်နယ်ဒိုကို ကိုင်တွယ်ရတာဟာ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရန်းနစ်ခ်က ” ကျွန်တော်တို့ အခုတင် စနောက်နေကြတာပါ ၊ သူ့ကို ပေါ်တူဂီ ၃ ရက်လောက် ပြန်ပို့လိုက်တာက အဓိပ္ပာယ်ပိုရှိမယ် ၊ သူ့ကို လေ့ကျင့်ခန်းရေး ၂ ရက်လောက် မဆင်းခိုင်းပဲပေါ့ ၊ ပြီးရင် ကြာသပတေးနေ့လောက်မှ လေ့ကျင့်ရေး ပြန်ဆင်းခိုင်းမယ် ၊ တကယ် လို့ ဒီပုံစံအတိုင်း သူ့ခြေစွမ်းကောင်းနေတယ်ဆိုရင် ရာသီကုန်အထိ အဲဒီအတိုင်း ဆက်လုပ်သွားရမယ် ထင်တယ်” လို့ပြောခဲ့ပါတယ်။

” သူက ကြာသပတေးနေ့မှာ ပုံမှန်အတိုင်း လေ့ကျင့်ရေးဆင်းနိုင်ခဲ့လို့ လေ့ကျင့်ရေးအပြီးမှာကျွန်တော် သူ့ကို ပွဲစကတည်းက သုံးဖို့ ဆုံးဖြတ်ခဲ့ တာပါ ”

” သူက ဟက်ထရစ် ၃ ဂိုးအတွက်တင်မဟုတ်ပဲ ကစားပွဲကို သေချာပေါက် ကွဲပြားခြားနားမှုတွေ လုပ်ပြနိုင်ခဲ့တာပါ ၊ အနည်းဆုံးတော့ ကျွန်တော် ဒီကိုရောက်လာတဲ့ အချိန်ကတည်းက သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို တွေ့ခဲ့ရတာပါပဲ” လို့ ချီးကျူးစကား ပြောခဲ့ပါတယ်။

ရော်နယ်ဒို ရန်းနစ်ခ်

Photo : InsideSport

ရော်နယ်ဒို လို ကစားသမားတစ်ယောက်ကို ကိုင်တွယ်ရတာနဲ့ ပတ်သက်ပြီး နည်းပြ ရန်းနစ်ခ် ကို မေးမြန်းခဲ့ရာမှာတော့ ” ဟုတ်ပါတယ် သူ့လို ကစားသမားတစ်ယောက်ကို ကိုင်တွယ်ရတာဟာ စိန်ခေါ်မှုတစ်ခုပါပဲ ၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်လို အသင်းမှာ ကစားဖို့ သူ့မှာ အရည်အသွေးရှိနေဆဲ ဖြစ်တယ်ဆိုတာကို ဒီနေ့ သူ ပြသခဲ့ပါတယ် ၊ ရာသီကုန်မှာအောင်မြင်ချင်ရင် ကျွန်တော်တို့ အတူတူ ကြိုးစားရပါမယ်” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကလည်း စပါးနဲ့ပွဲအပြီးမှာ ဖီဖာသမိုင်းတစ်လျောက် သွင်းဂိုး ၈၀၇ ဂိုးနဲ့ စံချိန်တင် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာတဲ့အသင်းဖော် ရော်နယ်ဒိုကို ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Featured Photo : Daily Mail