ဗန်းစကားတချို့လိုပဲ မယဉ်ကျေးတဲ့ ကိုယ်ဟန်အမူအရာတွေ အတော်များများ ရှိကြပါတယ်။ တချို့ အမူအရာတွေက နိုင်ငံအလိုက် ယဉ်ကျေးခြင်း ၊ ရိုင်းစိုင်းခြင်း စံကွဲပြားမှု ရှိပါတယ်။ ဒီတစ်ခေါက်တော့ လက်အမူအရာ Hand Gestures တွေထဲမှာ ရိုင်းတယ်လို့ သတ်မှတ်လေ့ရှိတဲ့ အမူအရာတချို့အကြောင်း ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပါ။

(၁) လက်မထောင်ခြင်း (အီရန်)

Hand giving the thumbs up

Photo : rdasia

လက်မထောင်ပြတာကို အတော်များများက “အိုကေတယ်” လို့ အမူအရာအနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့်လည်း အီရန်နဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အာဖဂန်နစ္စတန်လို နိုင်ငံမျိုးမှာ လက်မထောင်ပြတာဟာ လက်ခလယ်ထောင်ပြသလိုပဲ ရိုင်းတဲ့ Gesture အဖြစ် ယူဆကြပါတယ်။

(၂) လက်ညှိုးထိုးခြင်း (မလေးရှား)

pointing

Photo : rdasia

လက်ညှိုးထိုးပြီး စကားပြောတာကို နိုင်ငံအတော်များများက ရိုင်းစိုင်းတဲ့ အမူအရာအဖြစ် လက်ခံထားကြပါတယ်။ Disney Parks က ဝန်ထမ်းတွေဆို တစ်ခုခုကို ညွှန်ပြရာမှာ လက်ညှိုးတစ်ချောင်းတည်း ထိုးမယ့်အစား လက်ညှိုးနှစ်ချောင်း သုံးတာမျိုး လုပ်တတ်ပါတယ်။ မလေးရှားမှာဆို လက်မနဲ့ပဲ ညွှန်ပြလေ့ရှိပါတယ်။

(၃) လက်ညှိုးလက်မ ဝိုင်းပြခြင်း (ဘရာဇီး)

ok-gesture-

Photo : rdasia

တစ်ကမ္ဘာလုံးမှာ အိုကေသင်္ကေတအနေနဲ့ သုံးနေကြတဲ့ လက်ညှိုးလက်မဝိုင်းပြတဲ့ Gesture ဟာ တောင်အမေရိကန်နိုင်ငံတစ်ခုဖြစ်တဲ့ ဘရာဇီးမှာ ကိုယ်နံ့ဆိုးတယ်လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။

(၄) လက်မလက်ညှိုး ထောင်ခြင်း (အီတလီ ၊ စပိန်)

rock-on-gesture

Photo : rdasia

Rock On Sign လို့လည်း ခေါ်ကြတဲ့ အလယ်လက်ညှိုး ၊ လက်ခလယ် ၊ လက်သူကြွယ်ကို ကွေးထားပြီး လက်မ နဲ့ လက်သန်းကို ထောင်ပြတဲ့ လက်အမူအရာကို လန်းတယ် (Cool) လို့ အများက ယူဆထားကြပါတယ်။ စပိန်နဲ့ အီတလီတို့မှာ မိန်းမ လင်ငယ်နေနေတယ်ဆိုတဲ့ သင်္ကေတလို့ ဆိုပါတယ်။

ဒါတွေအပြင် အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဘယ်ဘက်လက်နဲ့ ညာဘက်လက်ရဲ့ လုပ်ဆောင်ချက်တာဝန်တွေကို ခွဲခြား နားလည်ပြီးသား ဖြစ်ပါတယ်။ ညာလက်ဟာ အစာစားဖို့ ၊ ပိုက်ဆံပေးဖို့ ဝယ်ထားတဲ့ ပစ္စည်းတွေ မ,ဖို့ သုံးပြီး ဘယ်လက်က အိမ်သာသုံးရင် ကိုယ်ကို သန့်စင်ဖို့ လို့ ယူဆထားတာပါ။ တကယ်လို့ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းသားတစ်ယောက်ကို ဘယ်ဘက်လက်နဲ့ စားစရာပေးတာ ၊ ပိုက်ဆံပေးတာ လုပ်ရင် ဒါက မလေးစားရာရောက်ပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံတွေမှာတော့ လူတစ်ယောက်ခေါင်းကို လာကိုင်တာဟာ အင်မတန်ရိုင်းပါတယ်။ ကိုယ်ရောက်နေတဲ့ နိုင်ငံပေါ် လိုက်ပြီး သူ့ယဉ်ကျေးမှုနဲ့သူ လိုက်လျောညီထွေ နေနိုင်ဖို့ ဖြစ်ပါတယ်။

Featured Photo : rdasia