ဒီနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းက ကစားသမားတွေဖြစ်တဲ့ ကာရန် ဘန်ဇီမာ ၊ အီဒင် ဟာဇက် နဲ့ မာရီယာနို ဒီးယက်ဇ်တို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုထားခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်မှုတွေ ပြန်လည် လုပ်ဆောင်သွားဖို့ လိုအပ်နေပြီး လက်ရှိမှာလည်း ကစားသမားတစ်ဦးကို အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : The Mirror
ဒီကစားသမားကတော့ မကြာသေးခင်မှ စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရသလို ရီးယဲလ် မှာလည်း ပါဝင်ကစားခဲ့ဖူးသူ ဟိုဆယ်လူပါ။ နယူးကာဆယ် စတုတ်စီးတီးတို့လို အင်္ဂလန် ကလပ်အသင်းတွေထိ ကျင်လည်ခဲ့ဖူးတဲ့ ဟိုဆယ်လူက တကယ်တော့ average player အဖြစ်နဲ့ ကစားသမားဘဝကို ဖြတ်သန်းနေရင်း အင်္ဂလန်မှာ flop ပြီး လာလီဂါကို ပြန်ရောက်လာချိန်မှာပဲ ကစားသမားဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ အလာဗက်စ်မှာ ဖြတ်သန်းခဲ့တဲ့ ဘောလုံးရာသီ (၃)ရာသီအတွင်း လာလီဂါ ဂိုး(၃၀)ကျော် သွင်းယူနိုင်ခဲ့တဲ့ ဟိုဆယ်လူက အက်စပန်ညိုကို ရောက်သွားချိန်မှာလည်း သူရဲ့လာလီဂါ သွင်းဂိုးက ပိုပြီး မြင့်မားလာခဲ့သလို လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရပါတယ်။
Photo Credit : Managning Madrid
အသက်(၃၃)နှစ်မှ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့သူ ဟိုဆယ်လူဟာ တစ်ဆက်တည်းမှာပဲ သူရဲ့ ကစားသမားဘဝကို ထပ်မံ ပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ခုပါ ရရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့အသင်းဟောင်း ရီးယဲလ် ကို ပြန်လည် ပြောင်းရွှေ့ဖို့ပါပဲ။ တိုက်စစ်ပိုင်းမှာ ကစားသမားတွေ ပြန်ဖြည့်ဖို့ လိုအပ်နေတဲ့ ရီးယဲလ်က သူတို့ ကစားသမားဟောင်း ဟိုဆယ်လူကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ လုပ်ဆောင်နေရာ အခုတော့ ပြီးမြောက်သွားခဲ့ရပြီလို့ သိရပါတယ်။
Photo Credit : Managning Madrid
ရီးယဲလ် က ဟိုဆယ်လူကို တစ်ရာသီ အငှား ခေါ်ယူဖို့အတွက် ဟိုဆယ်လူရဲ့ အက်စပန်ညိုအသင်းကို အငှားခေါ်ယူခ ရို (၅)သိန်း ပေးချေထားပြီး အပြီးသတ် ခေါ်ယူမယ်ဆိုရင်လည်း ယူရို (၁.၅)သန်းသာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ အပြီးသတ် ခေါ်စရာ မလိုအပ်ဘူးလို့လည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။
Featured Photo : Clutch Points