ရုပ်မလှ ရင် နေပါစေ၊ စိတ်ထား လှရင်ပြီးရောဆိုတဲ့ ယုံတမ်းစကားကို ကွီးတို့ အယုံအကြည်ရှိပါသလား။ အဲ့ဒီလိုပြောတဲ့ စကီလေးတွေကပဲ ရုပ်ချောတဲ့ ဘဲကြီးတွေကိုသာ ရှိတ်ကြတာပါ။ ရုပ်မလှ ဘဲ စိတ်ထား သာ လှတဲ့ ကွီးတို့ဆိုရင် အနားတောင် အကပ်ခံတာမဟုတ်ပါဘူး။

ဒါ့ကြောင့် ကွီးတို့အနေနဲ့ စိတ်ထားလှအောင်လည်း ကြိုးစားရမှာဖြစ်သလို ရုပ်ချောအောင်လည်း ကြိုးစားဖို့ လိုအပ်ပါတယ်။ ရုပ်ချောခြင်း မချောခြင်းက မွေးရာပါဖြစ်တည်မှုကို ဘယ်လိုလုပ် လုပ်ယူလို့ရမှာလဲ။

နိုး နိုး… ရုပ်ချောခြင်း၊ တည်ကြည်ခန့်ညားခြင်းတို့ကိုလည်း ကွီးတို့ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ ဘယ်လိုဖန်တီးနိုင်မလဲဆိုတော့…

ရေဓာတ် ပြည့်ဝအောင် နေထိုင်ပါ

ရုပ်မလှ စိတ်ထား

ခန္ဓာကိုယ်က ရေဓာတ်မပြည့်ဝဘူးဆိုရင် ခန္ဓာကိုယ် အသားအရေက မွဲခြောက်ခြောက်နဲ့ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ အသားအရေကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ မျက်နှာပေါ်မှာ ဝက်ခြံဗရပွနဲ့ဆိုရင် ကြည့်ရဆိုးပြီး ဆော်ကြည်ဘဲတစ်ဗွေဖြစ်ဖို့ အလှမ်းဝေးသွားပါလိမ့်မယ်။ မျက်နှာပေါ်က ဝက်ခြံတွေအားလုံးကို အပြောင်ရှင်းချင်တယ်ဆိုရင် Skincare ပိုင်းကိုလည်း သေချာဂရုစိုက်ဖို့ လိုအပ်ပြီး ကိုယ့်အသားအရေအတွက် အချိန်ပေးရမှာဖြစ်ပါတယ်။ ကိုရီးယားမင်းသားများ၊ ဟောလိဝုဒ်မင်းသားများ ချောမောနေရခြင်းက သူတို့ရဲ့ အသားအရေအတွက် အချိန်ပေးလို့ပဲဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ အသားအရေအတွက် အချိန်အများကြီး မပေးနိုင်ရင်တောင်မှ အချိန် အတိုင်းအတာတစ်ခုအထိ ပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ရေများများ သောက်သုံးခြင်းသည်လည်း အသားအရေကို တင်းရင်းလှပစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း နူးညံ့ချောမွေ့စေပါသေးတယ်။

Antioxidants ပေါကြွယ်ဝသော အစားအစာများကို စားသုံးပါ

ရုပ်မလှ စိတ်ထား

Antioxidants ကြွယ်ဝသော အစားအစာများသည် အသားအရေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ Antioxidants ကြွယ်ဝသော အစားအစာများကတော့ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အဝါရောင်၊ လိမ္မော်ရောင်ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ ဖက်တီအက်ဆစ်ကြွယ်ဝသော ငါးများ၊ ဥပမာ ဆော်လမွန်ငါး အစရှိတဲ့ အစားအစာများကိုလည်း စားသုံးသင့်ပါတယ်။ ထိုအစားအစာများ စားသုံးခြင်းအားဖြင့် အရေပြား ယားယံခြင်းနှင့် ဝက်ခြံပေါက်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

ရုပ်မလှ စိတ်ထား

လူသားများနှင့် တိရစ္ဆာန်များအပေါ်တွင် ပြုလုပ်ထားသော လေ့လာချက်များအရ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းသည် အသားအရေကို တစ်မဟုတ်ချင်း ပြောင်းလဲသွားစေပါတယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းအားဖြင့် အရေပြားရဲ့ အပြင်လွှာကို ပါးလွှာသွားစေပြီး အတွင်းလွှာကို ထူထဲသွားစေပါတယ်။ ကျွန်တော်တို့တွေသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အရေပြား အပေါ်ယံလွှာက ထူထဲလာပြီး အတွင်းလွှာက ပါးလျသွားတာကြောင့် အရေးအကြောင်းများ ထလာတာပဲဖြစ်ပါတယ်။ ထိုအခြေအနေမျိုးမှ ကာကွယ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

အိပ်ရေး ဝဝ အိပ်စက်အနားယူပါ

ရုပ်မလှ စိတ်ထား

အိပ်ရေး ဝဝ အိပ်စက် အနားယူခြင်းသည် အသားအရေအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။ အိပ်ရေး ဝဝ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး ပျက်စီးနေတဲ့ ဆဲလ်သေများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ထိုအရာများသည် အိပ်ရေး ဝဝ အိပ်စက်နေစဥ်အတွင်း ပြုလုပ်ရတဲ့အရာများဖြစ်တာကြောင့် ညဘက်မှာ စောစော အိပ်ရာဝင်ပြီး မနက်ခင်း အစောပိုင်းအချိန်မှာ နေရောင်ခြည်ရဲ့ အနွေးဓာတ်ကို ခံယူပေးဖို့ လိုအပ်ပါတယ်။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ

man skincare

၁၀ နာရီနှင့် ၄ နာရီကြားသည် ခရမ်းလွန် ရောင်ခြည်ဒဏ် ပြင်းထန်စွာ ကျရောက်နေတဲ့အချိန်ဖြစ်တာကြောင့် ထိုအချိန်မျိုးတွင် နေပူထဲသွားခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ မဖြစ်မနေ သွားရတော့မယ်ဆိုရင်တော့ ထီးဆောင်းသွားပါ။ နေလောင်ကာခရင်မ် လိမ်းသွားရပါမယ်။ ထီးလည်း မဆောင်းဘူး၊ နေလောင်ကာခရင်မ်လည်း မလိမ်းကျံဘူးဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေသည် နေလောင်ဒဏ်ကို အလူးအလဲ ခံစားရမှာဖြစ်ပြီး အဆိုးဆုံး အခြေအနေကတော့ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။

ဆေးလိပ်မသောက်ပါနှင့်

man skincare

ဆေးလိပ်ကို ကိုယ်တိုင် သောက်သုံးရင်ပဲဖြစ်ဖြစ်၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိရင်ပဲဖြစ်ဖြစ် တစ်ခုမှ အသားအရေအတွက် ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ် သောက်သူရော၊ အငွေ့ကို ရှူရှိုက်မိသူပါ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဝက်ခြံများ အပေါက်များပြီး အသားအရေက ညိုညစ်ညစ်နှင့် ကြည့်ရအင်မတန်ဆိုးပါတယ်။ ရုပ်မလှ ရင် နေပါစေ၊ စိတ်ထား လှရင်ပြီးရော၊ ဆေးလိပ်ကတော့ မဖြတ်နိုင်ဘူးဆိုတဲ့ ကွီးတို့အတွက်ကတော့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ ရင်လေးစရာပါပဲ။

ပစ္စည်း လေးမျိုးကို နေ့တိုင်း အသုံးပြုပါ

man skincare

ပစ္စည်း လေးမျိုးဆိုတာကတော့ မျက်နှာသစ်ဆေး၊ တိုနာ၊ Moisturizer နှင့် နေလောင်ကာခရင်မ်တို့ပဲဖြစ်ပါတယ်။ Skincare ဆိုတာကတော့ ကိုယ် ချဲ့ရင် ချဲ့သလောက် အကုန်အကျများသလို အချိန်လည်း ပိုပေးရပါတယ်။ ဘတ်ဂျက်ကိုလည်း ချွေတာချင်တယ်၊ အချိန်လည်း အရမ်းမပေးချင်ဘူးဆိုတဲ့ ကွီးတို့အတွက် ဒီပစ္စည်း လေးမျိုးကတော့ အခြေခံလိုအပ်ချက်ပဲဖြစ်ပါတယ်။ တခြား Skincare Steps တွေ မသုံးချင်ရင်တောင်မှ ဒီအဆင့် (၄) ဆင့်ကိုတော့ မလွဲမသေ အသုံးပြုရမှာဖြစ်ပါတယ်။ ပစ္စည်းများ ရွေးချယ် ဝယ်ယူတဲ့အခါမှာလည်း ကိုယ့် အသားအရေနဲ့ သင့်တော်မယ့် ထုတ်ကုန်ပစ္စည်းကို သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။

Source: Healthline

Featured Image: Freepik