လေ့ကျင့်ခန်းတွေက ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုပြီး ပုံမှန်ပြုလုပ်သင့်တယ်ဆိုတာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကို လျှော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တတ်ကြွလန်းဆန်းစေဖို့ဆိုရင် လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးရမှာပါ။ ဒီနေ့မှာတော့ ညိုကီတို့ ရုပ်ရော နာမ်ပါ ဖိုင်းစေဖို့ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း တွေကို ဖော်ပြပေးချင်ပါတယ်။
လမ်းလျှောက်ခြင်း

Photo : Reader’s Digest India
လမ်းလျှောက်ခြင်းက အသက်အရွယ်မရွေး ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းတစ်ခုပါပဲ။ လမ်းလျှောက်ခြင်းဖြင့် ကွီးတို့ရဲ့ ပေါင်၊ ခြေသလုံးနဲ့ တင်ပါးရှိ အဓိကကြွက်သားအုပ်စုများကို ခိုင်ခံ့စေပါတယ်။ တစ်နေ့ကို နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ အဆီပိုများလောင်ကျွမ်းစေဖို့ အထောက်အကူပြုပါတယ်။
စိတ်ပိုင်းဆိုင်ရာ အတွက်ဆိုရင်လည်း အပြင်ဘက်မှာ နေရောင်ခြည်နဲ့ လေပြေနုလေးတွေ ခံစားရင်း လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
စက်ဘီးစီးခြင်း

Photo : BikeBiz
စက်ဘီးစီးရတာ ဝါသနာပါတဲ့သူတွေလည်း စက်ဘီးစီခြင်းကို လေ့ကျင့်ခန်းတစ်ခု အနေဖြင့် ပုံမှန်ပြုလုပ်ပေး နိုင်ပါတယ်။ စက်ဘီးစီခြင်းဖြင့် ကယ်လိုရီတွေလောင်ကျွမ်းစပြီး ပေါင်၊ ခြေသလုံး၊ တင်ပါးများနဲ့ အဆစ်များကို သန်မာစေပါတယ်။ စက်ဘီးစီးချိန်နဲ့ ပြင်းထန်မှုကို ကိုယ်တတ်နိုင်သလောက် ချိန်ညှိနိုင်ပါတယ်။
စက်ဘီးစီးခြင်းက စည်းချက်ညီသော လှုပ်ရှားမှုဖြစ်ပြီး အခြားလေ့ကျင့်ခန်း အမျိုးအစားများထက် ရှုခင်းများကို ပိုမိုကြည့်ရှုချိန်ပိုရပြီး သဘာဝတရားကြီးနဲ့ ပိုမိုထိတွေ့နိုင်ပါတယ်။ ဒီအချက်က ကွီးတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကို ပြန်လည်လန်းဆန်းစေပါတယ်။ စက်ဘီးစီးရာမှာ အန္တရာယ်ကင်းစေရန် ပန်းခြံများ၊ ဥယျာဉ်များနဲ့ ကားအသွားအလာရှင်းသော လမ်းများမှာသာ စီးပါ။
ပြေးခြင်း

Photo : Men’s Health
ပြေးခြင်းက ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှု၊ နှလုံးသွေးကြောဆိုင်ရာ ခံနိုင်ရည်နဲ့ အဆီလောင်ကျွမ်းမှုတို့အတွက် ပြင်းထန်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆနဲ့ ကြံ့ခိုင်မှုအတွက်လည်း ကောင်းမွန်ထိရောက်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
အပြေးလေ့ကျင့်ခန်းလည်း စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပြီး တတ်ကြွလန်းဆန်းမှုကို ရရှိစေနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းကို ကွီးတို့နဲ့ ကိုက်ညီသော အရှိန်ဖြင့် တစ်နေ့ကို နာရီဝက်ခန့် ပြုလုပ်နိုင်ပါတယ်။
ရေကူးခြင်း

Photo : BBC
ရေကူခြင်းက ခန္ဓာကိုယ် အရိုးအဆစ်များကို ထိခိုက်မှုမရှိစေဘဲ နှလုံးသွေးကြောကြံ့ခိုင်မှုနှင့် ကြွက်သားများအားလုံးကို ကြံ့ခိုင်မှု တိုးစေနိုင်ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဆိုလည်း မမှားပါဘူး။
ရေကူးလေ့ကျင့်ခန်းက ခန္ဓာကိုယ် စည်းချက်ညီစွာလှုပ်ရှားမှုနဲ့ အသက်ရှုခြင်းအပေါ် အာရုံစူးစိုက်မှု ထားရှိရခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုဖြစ်စေသော အတွေးများကို ဖယ်ရှားရန် ကူညီပေးနိုင်ပါတယ်။ ရေကူးခြင်းက ထူးခြားတဲ့ လန်းဆန်းမှုနဲ့ တက်ကြွမှုကို ဖြစ်ပေါ်စေပါတယ်။
ယောဂ

Photo : Dectechter
ယောဂလေ့ကျင့်ခန်းများက ခန္ဓာကိုယ် ပျော့ပျောင်းဖို့အတွက်သာမက ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် ကိုယ်နေဟန်ထားကိုလည်း ကောင်းမွန်စေပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဖို့အဆင်မပြေရင် ယောဂကျင့်စဉ်များ ပြုလုပ်နိုင်ပါတယ်။
ယောဂကျင့်စဉ်များသည် နှေးကွေးကာ တည်ငြိမ်မှုကို ထိန်းချုပ်နိုင်ပါတယ်။ ၎င်းက တရားထိုင်ခြင်းပုံစံ အရည်အသွေးများကို ပေးစွမ်းနိုင်သော အသက်ရှူခြင်းနှင့် ကိုယ်ဟန်အနေအထားကို အာရုံစိုက်ခြင်းဖြင့် စိတ်ရဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အတွက်လည်း ထိရောက်ပါတယ်။
ညိုကီတို့အတွက် ရုပ်ရော နာမ်ပါ ဖိုင်းစေဖို့ အထောက်အကူပြုနိုင်တဲ့ လေ့ကျင့်ခန်း (၅) ခုကိုဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းမဆို ပုံမှန်ပြုလုပ်သွားရင် အကျိုးများတာကြောင့် တစိုက်မတ်မတ် ပြုလုပ်သွားသင့်ပါတယ်။
Source : BLACKMORES
Featured Photo : Still Yoga Blog
