ကမ္ဘာ့ရုပ်ရှင်လောကမှာ ဇာတ်လမ်းတွဲ Movie Franchises တွေနဲ့ အအောင်မြင်ဆုံးက ဟောလီဝုဒ်ပါပဲ။ ဒီနေရာမှာ အောင်မြင်တယ် ဆိုရာမှာ ရုံတင်ငွေ ဘယ်လောက်ရတယ် ဆိုပြီး သတ်မှတ်လိုက်တာ မဟုတ်ပါဘူး။ ဝင်ငွေထက် လူကြိုက်များပြီး လက်ခံလွန်းလို့ ဆက်တိုက်ဆိုသလို ရိုက်ကူး ဖြစ်တာကို ဆိုလိုတာပါ။ ဥပမာအနေနဲ့ ပြောရရင် မင်းသားကြီး Sylvester Stallone ရဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Rocky ရုပ်ရှင်ဇာတ်လမ်းတွဲ ကို ညွှန်းရမှာပါ။

မူလက Sylvester Stallone ဟာ ၁၉၇၆ ခုနှစ်မှာ Rocky ဆိုတဲ့ ဇာတ်ကားတစ်ကားကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံနဲ့ ထိုးသတ်ခွင့်ရခဲ့တဲ့ ဖီလာဒီဖီးယားက မထင်မရှား လက်ဝှေ့သမားတစ်ယောက်ကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်လမ်းဟာ Stallone အတွက်ရော ရုပ်ရှင်လောကအတွက်ပါ အနုပညာအမွေတစ်ရပ် ဖြစ်ခဲ့သလို သူနဲ့ အဆက် Creed II (2018) လို ကားမျိုးတွေအထိ အောင်မြင်စေခဲ့တဲ့ Movie Franchise တစ်ခု ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းတွဲ Movie Franchise တွေရဲ့ အားသာချက်က ဇာတ်ကောင်ကို မူတည်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကို အနုပညာအတတ်ပညာနဲ့ ချဲ့ထွင်ပြီး ဖွဲ့စည်းတာ ဖြစ်ပြီး ရုပ်ရှင်စီးရီးတွေ နဲ့ မတူတာက ဆက်စပ်နေတဲ့ တစ်ကားချင်းကားတွေ ထွက်လာတာပါ။ ဒါကြောင့်ပဲ တစ်ကားချင်းအရလည်း ခံစားမှုအပြည့်အဝနဲ့ စိတ်စိုက်ပြီး ကြည့်ရှုခံစားလို့ ရသလို ဇာတ်ကားတွေ ဆက်စပ်ပြီး Film Series လိုမျိုးလည်း ချိတ်ဆက်ခံစားလို့ ရပါတယ်။

ဒါကြောင့်ပဲ ရုပ်ရှင်ဝါရင့်လာသူတွေဟာ အမိုက်စား Movie Franchise တွေကို ရှာပြီး ဝါသနာပါသူချင်း လက်တို့ပြီး မျှဝေလေ့ ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း ရုပ်ရှင်ချစ် ကွီးတို့အတွက် အောင်မြင်လှတဲ့ Movie Franchise တချို့ကို လက်တို့ပြီး ညွှန်းပေးချင်ပါတယ်။

(၅) Harry Potter

harry-potter

Photo: parade

ကြည့်ဖူးသူတိုင်း ကြိုက်ကြသည်ဆိုတဲ့ ရုပ်ရှင်စီးရီးတွေထဲမှာ Harry Potter ရုပ်ရှင်တွေလည်း ပါဝင်ပါတယ်။ Harry Potter က စုစုပေါင်း ၁၀ ကား ထွက်ပါတယ်။ ပထမဆုံးထွက်ခဲ့တဲ့ Harry Potter And The Sorcerer’s Stone (2001) ကနေ ၂၀၁၁ ခုနှစ်အထိ ၁၁ နှစ်ဆက်တိုက် ထွက်ခဲ့ပြီး ၂၀၁၈ မှာ ထွက်ထားတဲ့ Harry Potter နဲ့ အဆက် Fantastic Beasts: The Crimes of Grindelwald နဲ့ဆို ၁၀ ကားအထိ ရှိပါတယ်။ J.K Rowling ရဲ့ စိတ်ကူးယဉ်မှုဟာ ဘီလျံပေါင်းများစွာ ဝင်ငွေရတဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲ ဖြစ်လာခဲ့တာပါ။

(၄) Star Wars

Star Wars

Photo: pocket-lint

လူတွေဟာ ဟိုးရှေးပဝေသဏီကတည်းက စကြဝဠာကြီးအကြောင်း သိလိုစိတ် ထက်သန်လာကြတာပါ။ တချို့တွေက တက္ကသိုလ်စာသင်ခန်းတွေကနေ စကြဝဠာသီအိုရီတွေ ထုတ်ပြီး တချို့တွေက ယာဉ်ပျံတွေ တည်ဆောက်ပြီး လကမ္ဘာအပါအဝင် စကြဝဠာတခွင် လှည့်လည်လေ့လာကြပါတယ်။ ရုပ်ရှင်ဒါရိုက်တာကြီး George Lucas ကတော့ အနုပညာသမားပီပီ ရုပ်ရှင်နဲ့ တင်ဆက်ပါတယ်။

၁၉၇၇ ခုနှစ်က စတင်ခဲ့တဲ့ Star Wars သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်စီးရီးဟာ ၂၀၁၈ ခုနှစ် Solo: A Star Wars Story အထိ နှစ်ပေါင်း ၄၁ နှစ်အတွင်း ၁၁ ကားထွက်ပြီး အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်မှာ အမှတ်တရ အဖြစ်ဆုံး ရုပ်ရှင် စီးရီး ဖြစ်ပြီး ကမ္ဘာတလွှားမှာလည်း မရေမတွက်နိုင်အောင် များပြားတဲ့ Luke Skywalker, Darth Vader, R2-D2 နဲ့ Yoda ပရိသတ်တွေ ပေါ်ထွက်လာစေခဲ့ပါတယ်။

(၃) James Bond

James Bond

Photo : firstpost

စစ်အေးတိုက်ပွဲကာလနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲမှာ James Bond ဇာတ်လမ်းတွဲ လောက် အောင်မြင်မှု ခိုင်မာတဲ့ကား ရှားပါတယ်။ ၁၉၆၂ ခုနှစ်က မင်းသားကြီး Sean Connery သရုပ်ဆောင်ထားတဲ့ Dr.No ကနေ ၂၀၂၁ ခုနှစ်ထွက် Daniel Craig သရုပ်ဆောင်ထားတဲ့ No Time To Die အထိ ဇာတ်ကားပေါင်း ၂၅ ကား ထွက်ခဲ့ပြီး ငွေကြေးအရလည်း ဒေါ်လာဘီလျံပေါင်းများစွာအထိ ဝင်ကြေးကြမ်းခဲ့ပါတယ်။ James Bond မင်းသားအနေနဲ့လည်း Sean Connery ၊ George Lazenby ၊ Roger Moore ၊ Timothy Dalton ၊ Pierce Brosnan ၊ Daniel Craig ဆိုပြီး မင်းသား ၆ လက် သရုပ်ဆောင် အောင်မြင်ခဲ့ပါတယ်။

(၂) Marvel Cinematic Universe

Marvel Cinematic Universe

Photo : medium

ပျမ်းမျှ တစ်နှစ်ကို နှစ်ကားထွက်ရလောက်အောင်အထိ အောင်မြင်တဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲ တစ်ခုရှိပြီး အခုထိလည်း ထိပ်ထိပ်ကြဲ အောင်မြင်တဲ့ Movie Franchise တစ်ခုက MCU လို့ ခေါ်တဲ့ Marvel Cinematic Universe ပါပဲ။ ၂၀၀၈ ခုနှစ်မှာ Iron Man နဲ့ ပွဲထွက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ထွက် Spider-Man: No Way Home အထိ ၂၆ ကားအထိ ထွက်ခဲ့ပါတယ်။ ဒီနှစ်လည်း ထပ်ပြီး Thor , Doctor Strange ကားသစ်တွေ ထွက်ဖို့ ရှိပါတယ်။

(၁) Godzilla

Godzilla

Photo : iMDb

လူသရုပ်ဆောင်တွေ ဘယ်လောက်ကောင်းကောင်း အအောင်မြင်ဆုံးနဲ့ သက်တမ်းအရှည်ဆုံး Movie Franchise အဖြစ် ရပ်တည်နေတဲ့ကားကတော့ Godzilla ပဲ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာ ဂျပန်ဒါရိုက်တာ Ishiro Honda ဟာ Godzilla ဆိုပြီး ဇာတ်ကားတစ်ကား ရိုက်ခဲ့ပါတယ်။ ဒီကနေမှ အခု ၂၀၂၁ ခုနှစ် Godzilla Vs Kong အထိ ၃၄ ကားအထိ ထွက်လာခဲ့ပြီး ဂျပန်ဒါရိုက်တာတွေရော အမေရိကန်ဒါရိုက်တာတွေပါ လက်စွမ်းပြ ဖန်တီးခဲ့ပါတယ်။ ၂၀၁၆ မှာ ဂျပန်ဒါရိုက်တာ Hideaki Anoo ၊ Shinji Higuchi တို့ ရိုက်ကူးခဲ့တဲ့ Shin Godzilla ဆိုရင် ဂျပန်မှာ ဝင်ငွေ ဒေါ်လာ ၇၅ သန်း ရခဲ့ပြီး တစ်နှစ်တာရဲ့ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Featured Photo : iMDb