ရေကူးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် ကောင်းကျိုးများစွာပေးတဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေထဲက တစ်ခုပါ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ရေကူးကန်ထဲမှာ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ သန့်စင်ဖို့ အသုံးပြုတဲ့ ကလိုရင်းလို ဓာတုပစ္စည်းတွေဟာ ဓာတ်မတည့်ခြင်းနဲ့ အသားအရေ ပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကွီးတို့က ရေကူးဝါသနာပါသူတစ်ယောက် ဒါမဟုတ် ကျန်းမာရေးအတွက် ပုံမှန်ရေကူးဖြစ်နေသူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် အသားအရေ ထိန်းသိမ်းနည်းတွေကို မဖြစ်မနေ သိထားဖို့ လိုပါမယ်။

(၁) ရေစိုခံ နေလောင်ဒဏ်ကာခရမ်င် လိမ်းပါ

Photo : Muscle & Fitness

ရေကူးတော့မယ်ဆိုရင် ရေစိုခံ နေလောင်ဒဏ်ကာခရမ်င် မဖြစ်မနေ လိမ်းသင့်ပါတယ်။ နေလောင်ဒဏ်ကာခရမ်င် လိမ်းပေးတာဟာ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းကို လျှော့ချပေးနိုင်ရုံမကပဲ အသားအရေကို ကလိုရင်းဓာတ် တိုက်ရိုက်ထိတွေ့ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ရေမကူးခင် ၁၅ မိနစ်လောက်အလိုကတည်းက ရေစိုခံ နေလောင်ဒဏ်ကာခရမ်င်ကို ကြိုပြီး အရေပြားအနှံ့ လိမ်းပေးပါ။

(၂) ရေမကူးခင်း ခပ်မြန်မြန် ရေးချိုးပါ

Photo : GQ México

တော်တော်များများကတော့ ရေကူးပြီးမှ ရေချိုးတာ များပါတယ်။ တကယ်တော့ ရေမကူးခင်မှာလည်း ခပ်မြန်မြန် ရေချိုးပေးဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ ကွီးတို့ရဲ့ အသားအရေကို ရေဓာတ်ပြည့်ဝစေဖို့ ကူညီပေးပါတယ်။ အသားအရေဟာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ရေကူးချိန်မှာ ရေကူးကန်အတွင်းက ဘက်တီးရီးယားပိုးမွှားတွေနဲ့ ကလိုရင်းပါတဲ့ရေကို အရေပြားကနေ စုပ်ယူခြင်းမှ တားဆီးကာကွယ်ပေးနိုင်ပါတယ်။

(၃) ရေများများ သောက်ပါ

Photo : Freepik

ရေကူးသမားတွေအတွက် ရေဓာတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ရေကူးချိန်မှာ အသားအရေ ရေဓာတ်ခမ်းခြောက်ခြင်းကို မဖြစ်စေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲကတစ်ခုဟာ မကြာခဏ ရေသောက်ပေးဖို့ပါပဲ။ သာမြင်အောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အရေပြားကို ရေမြုပ်တစ်ခုလို သဘောထားကြည့်ပါ။ ရေစိုနေတဲ့ ရေမြုပ်ဟာ နောက်ထပ်ရေတွေကို စုပ်ယူနိုင်ခြင်းမရှိတော့သလိုပဲ ကျွန်တော်တို့ရဲ့ အရေပြားဟာလည်း ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ရေကူးကန်အတွင်းက ကလိုရင်းဓာတ်ပါတဲ့ ရေတွေကို စုပ်ယူနိုင်တဲ့ အခွင့်အရေး ပိုနည်းသွားမှာ ဖြစ်ပါတယ်။

(၄) ရေခပ်နွေးနွေးနဲ့ ရေချိုးပါ

Photo : MensXP

ရေကူးကန်ထဲက ထွက်တာနဲ့ ရေချိုးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ရိုးရိုးရေအေးနဲ့ ချိုးတာထက် ရေခပ်နွေးနွေးလေးနဲ့ ချိုးတာက ပိုပြီး ကောင်းပါတယ်။ ရေနွေးက ချွေးပေါက်တွေကို ပွင့်စေတာကြောင့် အသားအရေအတွင်းပိုင်းအထိ ဘက်တီးရီယားပိုးမွှားတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင် Anti-Chlorine ဆပ်ပြာကို သုံးပြီးရေချိုးပါ။ ဆံပင်တွေကိုလည်း သေချာလျှော်ပေးဖို့ လိုပါမယ်။ ရေနွေးနဲ့ ရေချိုးပြီးတဲ့အခါ ချွေးပေါက်တွေကို ပြန်ကျဉ်းစေဖို့ ရေအေးနဲ့ ပြန်ချိုးပေးရမှာ ဖြစ်ပါတယ်။ အဆုံးကို ရေအေးနဲ့ ချိုးပေးတာဟာ အသားအရေ အစိုဓာတ်ဆုံးရှုံးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၅) အစိုဓာတ်ထိန်းခရမ်င်လိမ်းပါ

Photo : Ambrosio Landscape Solutions

အစိုဓာတ်ထိန်းခရမ်င်လိမ်းတာဟာ ရေကူးသမားတွေအတွက် အရေးကြီးဆုံး အသားအရေ ထိန်းသိမ်းနည်း အဆင့်တစ်ခု ဖြစ်ပါတယ်။ အသားအရေအစိုဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်တာအပြင် အရေပြားပေါ် အစိုဓာတ်ထိန်းခရမ်င် တိုက်ရိုက်လိမ်းပေးဖို့လည်း လိုပါတယ်။ ကွီးတို့ရဲ့ အသားအရေကို ကျန်းမာစိုပြေနေစေဖို့အတွက်ဆိုရင် အစိုဓာတ်ထိန်းခရမ်င် နေ့စဉ်ပုံမှန်အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။

(၆) ရေကူးဝတ်စုံတွေကို ဂရုစိုက်ပါ

Photo : Unsplash

ရေကူးဝတ်စုံတွေရဲ့ သန့်ရှင်းမှုဟာ ရေကူးသမားတိုင်းရဲ့ အသားအရေ ကျန်းမာရေးအတွက် တစ်စိတ်တစ်ပိုင်း အရေးကြီးပါတယ်။ ရေကူးဝတ်စုံတစ်ထည်ကို တစ်ခါသုံးပြီးတိုင်းမှာ သေချာ လျှော်ဖွတ်သန့်စင်ပြီး နေရောင်ကောင်းကောင်းအောက်မှာ အခြောက်ခံပေးဖို့ လိုပါတယ်။ ကလိုရင်းဓာတ်ဟာ အသားအရေကို ပျက်စီးစေရုံမကပဲ ရေကူးဝတ်စုံတွေကိုပါ အချိန်ခဏလေးအတွင်းမှာ အရောင်မှိန်ပြီး ပျက်စီးစေနိုင်ပါတယ်။ ရေကူးဝတ်စုံတွေကို ကြာရှည်ထိန်းသိမ်းနိုင်ဖို့နဲ့ ကလိုရင်းအနံ့ စွဲတာပျောက်စေဖို့ဆိုရင် ရေကူးဝတ်စုံတွေ လျှော်တဲ့အခါ ရှာလကာရည် တစ်ဇွန်းခန့် ထည့်ပြီး လျှော်ဖွတ်နိုင်ပါတယ်။

Featured Photo : VistaCreate