ယနေ့ခေတ်မှာ တက်တူး ထိုးခြင်း အလေ့အထဟာ ဝါသနာတစ်ခု ဖက်ရှင်တစ်ခုဆိုတာထက်ကို ပိုပြီး လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ညွှန်းပြသနေတဲ့  အနုပညာတစ်ရပ် ဖြစ်ပါတယ်။ တက်တူးထိုးတဲ့အခါ ကိုယ်ရေးထိုးမယ့် ထက်တူးဒီဇိုင်းနဲ့ ခန္ဓာကိုယ်ရဲ့ မည်သည့် အရေပြားအစိတ်အပိုင်းမှာ ရေးထိုးမလဲဆိုတာ သေချာလေး စဉ်းစားဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ထိုးလိုက်တဲ့ တက်တူးပုံတစ်ခုဟာ အရေပြားမှာ သေရာပါထင်ကျန်နေမယ့် အသားတံဆိပ် အနုပညာပန်းချီကားချပ် ဖြစ်တာကြောင့် တက်တူးမထိုးခင်မှာ ဒီဇိုင်း ၊ နေရာ ၊ ရေးထိုးမယ့် တက်တူးဆရာ အားလုံးကို အလေးအနက်ထား စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုခေတ်မီဆန်းသစ်တဲ့ တက်တူးဒီဇိုင်းတွေ ပေါ်ထွက်လာနေတာကြောင့် တက်တူး ထိုးဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ၂၀၂၂ ခုနှစ်ထဲမှာ ဘယ်တက်တူးဒီဇိုင်းတွေက ရေပန်းစား နေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရိုးရိုးရှင်းရှင်း တက်တူးဒီဇိုင်းများ

Photo : The Trend Spotter

အရွယ်အစား ခပ်သေးသေးနဲ့ ရိုးရှင်းတဲ့ တက်တူးဒီဇိုင်းတွေဟာ ဘယ်တော့ရိုးသွားခြင်းမရှိပါဘူး။ တက်တူးအခုမှ စထိုးမယ့်သူတွေအတွက်လည်း ရိုးရှင်းတဲ့ တက်တူးဒီဇိုင်းတွေက ရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ စာတန်းတက်တူးဒီဇိုင်းတွေ ၊ မျဉ်းနဲ့ ကောက်ကြောင်းတွေဟာ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ဖက်ရှင်ကျစေမယ့် တက်တူး ဒီဇိုင်းတွေ ဖြစ်ပါတယ်။

(၂) Angel တက်တူးဒီဇိုင်းများ

Photo : The Trend Spotter

ဘာသာရေးဆိုင်ရာ ယုံကြည်မှုနဲ့ ဆက်စပ်ပြီး တက်တူး ရေးထိုးချင်တယ်ဆိုရင်တော့ နတ်သမီးပုံ Angel တက်တူးဒီဇိုင်းတွေက အကောင်းဆုံးပါပဲ။ Angel တက်တူးတွေဟာ သန့်ရှင်းစင်ကြယ်မှု ၊ အကာအကွယ်ပေးမှု ၊ ယုံကြည်ချက် စတဲ့အရာအပေါ် အခြေခံပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာရှိတဲ့ အမိုက်စားတက်တူးဒီဇိုင်းတွေ ဖြစ်ပါတယ်။

(၃) နဂါးတက်တူး

Photo : The Trend Spotter

နဂါးပုံတက်တူးတွေကတော့ ဘယ်တော့မှမရိုးနိုင်တဲ့ ဂန္ထဝင်တက်တူးဒီဇိုင်းတွေလို့ ပြောနိုင်ပါတယ်။ ဉာဏ်ပညာ၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း ၊ စွမ်းအားတွေကို ကိုယ်စားပြုတဲ့အတွက် အမျိုးသားအများစု ရွေးချယ်ရေးထိုးကြတဲ့ တက်တူးဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ နဂါးဆိုတဲ့ဒဏ္ဍာရီလာ သားရဲတွေဟာ အရှေ့အာရှတခွင်က ရိုးရာ ၊ ယဉ်ကျေးမှု များစွာနဲ့လည်း ဆက်စပ်မှုရှိတဲ့အပြင် စိတ်အားထက်သန်မှု ၊ လျှို့ဝှက်ဆန်းကြယ်မှု ၊ ခက်ထန်မှုစတဲ့ အဓိပ္ပါယ်တွေလည်း သက်ရောက်မှုရှိပါတယ်။

(၄) မယ်ဒူဆာ တက်တူးဒီဇိုင်းများ

Photo : The Trend Spotter

ဂရိဒဏ္ဍာရီလာ အလှနတ်ဘုရားမလို့ လူသိများတဲ့ မယ်ဒူဆာတက်တူးဒီဇိုင်းတွေဟာ လျှို့ဝှက်ဆန်းကြယ်မှု ၊ အသစ်တဖြန်ပြန်လည်မွေးဖွားခြင်း ၊ သေဆုံးခြင်းတွေကို ကိုယ်စားပြုပါတယ်။ သာမန်တက်တူးဒီဇိုင်းတွေနဲ့လည်း ထူးခြားကွဲပြားပြီး ဆွဲဆောင်မှုရှိနေစေတဲ့ တက်တူး ဒီဇိုင်း တစ်ခု ဖြစ်ပါတယ်။

(၅) Anime တက်တူးဒီဇိုင်းများ

Photo : The Trend Spotter

ဒီနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းအစားဆုံး တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့က Anime ဖန်တစ်ယောက်ဆိုရင် Anime တက်တူးဒီဇိုင်းတွေက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ အကြိုက်ဆုံး ဇာတ်ကောင်တွေကစလို့ ကိုယ်အတွက် အမှတ်တရအဖြစ်ဆုံး ၊ ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီမှုရှိတဲ့ တက်တူး ဒီဇိုင်းတွေကို ရွေးချယ်ရေးထိုးနိုင်ပါတယ်။

(၆) လက်ဆစ် တက်တူးဒီဇိုင်းများ

Photo : The Trend Spotter

လက်ဆစ်တက်တူးတွေဟာ လူ့အဖွဲ့အစည်းရဲ့ တလွဲဘောင်ခတ်မှုတွေကြားက ဖောက်ထွက်ခြင်းကို ကိုယ်စားပြုတဲ့ တက်တူးဒီဇိုင်းတွေ ဖြစ်ပါတယ်။ ခက်ထန်မာကြောခြင်း သဘောကိုဆောင်ပြီး လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်တဲ့ ပုန်ကန်လိုစိတ်ရှိတဲ့ လူငယ်တွေမှာ အများဆုံး ရေးထိုးလေ့ရှိပါတယ်။ လက်ဆစ်နေရာဟာ အဆီပြင်နဲ့ ကြွက်သားနည်းတဲ့ အရေပြားနေရာတစ်ခု ဖြစ်တာကြောင့် နာကျင်ပိုမှုတော့ အနည်းငယ် ပိုများပါတယ်။ ဒီဇိုင်းအားဖြင့်တော့ စာလုံး ၊ နံပါတ်နဲ့ အသေးစား တက်တူးပုံဒီဇိုင်းတွေ ရွေးချယ်ရေးထိုးနိုင်ပါတယ်။

Featured Photo : Joby Dorr