ကမ္ဘာကြီးပေါ်မှာ ရိုးရှင်းပေမယ့် မှော်ဆန်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ရေမွှေးတွေဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ရေမွှေးစွတ်တယ်ဆိုတာ ခန္ဓာကိုယ်က အနံ့ဆိုးတွေကို သက်သာလျော့ပါးစေရုံ တစ်ခုတည်းမဟုတ်ပါပဲ ကျွန်တော်တို့ရဲ့ စိတ်အာရုံခံစားမှု ၊ လန်းဆန်းတက်ကြွမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးမြင့်စေဖို့အထိပါ ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရေမွှေး ဘာကြောင့် သုံးသင့်သလဲ ၊ ရေမွှေးအသုံးပြုခြင်းကနေ ဘယ်လိုနက်ရှိုင်းတဲ့ ကောင်းကျိုးသက်ရောက်မှုတွေ ရစေမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
(၁) စိတ်ခံစားမှု မြှင့်တင်ပေးတယ်
Photo : Maison d’Orient
အဝတ်အစားကောင်းကောင်း ဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိသလိုပါပဲ ကိုယ်အကြိုက်ဆုံး ရေမွှေး စွတ်ထားမယ်ဆိုရင် တစ်နေ့တာလုံးမှာ စိတ်ကြည်လင်လန်းဆန်းပြီး စိတ်ခံစားမှု ပိုမိုကောင်းမွန်နေစေမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုများနေတဲ့အချိန် ၊ စိတ်မကြည်လင်တဲ့ အချိန်တွေမှာ သင်ကြိုက်တဲ့ ရေမွှေးရနံ့ကို စွတ်လိုက်ခြင်းဖြင့် စိတ်ခံစားမှုကို သိသိသာသာ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။
(၂) ဆွဲဆောင်မှု ပိုရှိစေတယ်
Photo : India TV News
ရေမွှေးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်မှုကို တိုးစေဖို့အများကြီး ကူညီပေးနိုင်ပါတယ်။ ရေမွှေးရနံ့ဟာ စွတ်ထားသူ ကိုယ်တိုင် စိတ်ကျေနပ်လန်းဆန်းမှုကို ခံစားစေရုံမက ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကိုပါ ဆွဲဆောင်နိုင်ပြီး လူတွေကြားမှာ ညို့အားပြင်း လူတစ်ယောက်အဖြစ် ထင်ရှားနေစေမှာ ဖြစ်ပါတယ်။
(၃) မှတ်ဉာဏ်တွေကို ပြန်လည်တူးဆွပေးတယ်
Photo : MensXP
ရေမွှေးတွေဟာ မှော်ဆန်တယ်လို့ ပြောရတဲ့အကြောင်းအရင်းတွေထဲမှာ ဒီအချက်က တစ်ခုအပါအဝင်ပါပဲ။ တစ်ခါတစ်ရံမှာ တချို့သော အမွှေးရနံ့လေးတွေကို ရလိုက်တဲ့အခါ အတိတ်က အမှတ်တရတွေ ၊ ငယ်ဘဝအဖြစ်အပျက်တွေနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ ကိစ္စလေးတွေကိုပါ ပြန်လည်တမ်းတ သတိရသွားစေပါတယ်။ ရေမွှေး ရနံ့တွေက သင့်ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်တူးဆွ ပုံဖော်ပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
(၄) အိပ်မပျော်တဲ့ ပြဿနာကို ကုစားနိုင်တယ်
Photo : Czech & Speake
ရေမွှေးရဲ့ သင်းပျံ့တဲ့ ရနံ့လေးတွေဟာ ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် လာဗင်ဒါရနံ့ Essential Oils ပါတဲ့ ရေမွှေးတွေက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ပြေလျော့သက်သာစေပြီး အေးချမ်းနှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်စေဖို့ ကူညီပေးပါတယ်။
(၅) ခေါင်းကိုက်ခြင်းကို သက်သာစေတယ်
Photo : Águas Vivas – Hotel Fazenda
ဒါကလည်း ရေမွှေးရဲ့ ရနံ့ကုထုံးဆိုင်ရာ အာနိသင်တစ်ခု ဖြစ်ပါတယ်။ Citrus Fruit ၊ ပန်းရနံ့နဲ့ ဆောင်းရာသီအငွေ့အသက်လို ရနံ့တွေပါဝင်နေတဲ့ ရေမွှေး တွေဟာ စိတ်ကိုကြည်လင်အေးချမ်းစေပြီး ခေါင်းကိုက်ဝေဒနာကို ပြေလျော့သက်သာ စေနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် တချို့ Warm ဖြစ်တဲ့ ရေမွှေးတွေ ၊ ချိုအီလွန်းတဲ့ ရေမွှေးရနံ့တွေကတော့ ခေါင်းကိုက်ဝေဒနာကို ပိုဆိုးစေနိုင်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။
ကွီးတို့ရော ရေမွှေး ပုံမှန်သုံးဖြစ်ပါလား??? ရေမွှေးသုံးရတဲ့ ရည်ရွှယ်ချက်တစ်ခုလောက် ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Featured Photo : BP Guide