ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ယခုတပတ်အတွင်း ခရစ္စတီယာနို ရော်နယ်ဒို ကို အပြီးသတ်ခေါ်ယူဖို့ မျှော်လင့်နေသလို ပီအက်စ်ဂျီ နောက်ခံလူ ဆာဂျီယိုရာမို့စ်ကိုလည်း ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

Photo : FIFA

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ပီရက်စ်မော်ဂန်နဲ့ အင်တာဗျူးအပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရတာ ဖြစ်ပြီး အရှေ့အလယ်ပိုင်း ထိပ်တန်းကလပ် အယ်လ်နာဆာအသင်းကို ငွေကြေးအမြောက်အများနဲ့ ပြောင်းရွှေ့လာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အပြောင်းအရွေ့ အပြီးသတ်ဖို့ နီးစပ်လာမှုနဲ့အတူ ဆော်ဒီအသင်းဟာ ချဲလ်ဆီးကစားသမား အန်ဂိုလို ကန်တီ အပါအဝင် ဥရောပရဲ့ ထိပ်တန်းကစားသမား တော်တော်များများကို စောင့်ကြည့်နေခဲ့ပြီး MARCA ရဲ့ အဆိုအရတော့ ရော်နယ်ဒိုရဲ့အသင်းဖော်ဟောင်းတစ်ဦး ဖြစ်တဲ့ ရာမို့စ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ‌သိရပါတယ်။

Photo : Marca

လက်ရှိ ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ စပိန်သားရဲ့စာချုပ်သက်တမ်းဟာ နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အယ်လ်နာဆာအသင်းရဲ့ ဥက္ကဌနဲ့ အားကစား ဒါရိုက်တာတို့ဟာ ရာမို့စ်ကို ခေါ်ယူနိုင်ရေးအတွက် မက်ဒရစ်ကို ခရီးထွက်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒို ကို ခေါ်ယူနိုင်ရေးကတော့ အယ်လ်နာဆာအသင်းရဲ့ ဦးစားပေးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင် အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းရဲ့ ကမ်းလှမ်းမှုကို တရားဝင်လက်ခံလိုက်မယ်ဆိုပါက တစ်နှစ်ကိုပေါင် ၆၂ သန်းခန့် ရရှိမှာဖြစ်ပြီး အခြားအပိုဝင်ငွေတွေပါ ထပ်ပေါင်းမယ်ဆိုရင် တစ်နှစ်ကိုပေါင် ၁၇၃ သန်းလောက်အထိ ရရှိနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Photo : Los Angeles Times

ပေါ်တူဂီလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီကိုပြောင်းဖို့ ငြင်းဆိုခဲ့ပေမယ့် ဥရောပထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်တစား ခေါ်ယူဖို့အရိပ်အယောင် မတွေ့ရတာကြောင့် ယခုအပြောင်းအရွှေ့ကို လက်ခံဖို့များနေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နောက်ဆုံး ဆုဖလားရယူခဲ့တဲ့ ၂၀၁၉ ခုနှစ်အထိ နိုင်ငံတွင်း ထိပ်တန်းပြိုင်ပွဲတွေမှာ ဆုဖလား ၉ ကြိမ်တိုင် ရရှိထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် နဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ လိဂ်ဖလား ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေမယ့် ဆော်ဒီစူပါဖလားကိုတော့ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

Featured Photo : Daily Mail