ခရစ္စတီယာနို ရော်နယ်ဒို ဝင်ရောက်ကစားနေတဲ့ ဆော်ဒီထိပ်တန်းကလပ် အယ်နာဆာအသင်းကတော့ ကြာသပတေးနေ့က ရီးယဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်အီတီဟတ်အသင်းကို ၃ – ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပါတယ်။

ရော်နယ်ဒို

Photo : Dhaka Tribune

အဆိုပါပွဲစဉ်မှာ အသက် ၃၇ နှစ်အရွယ် ဘော်လွန်းဒီအော် ၅ ဆုရှင် ပေါ်တူဂီစတားအတွက် ဂိုးသွင်းဖို့ အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့် အယ်အီတီဟတ်အသင်းရဲ့ ခံစစ်က အကောင်းဆုံး ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပါတယ်။

အယ်အီတီဟတ်အသင်းက ပထမပိုင်းပွဲကစားချိန်အတွင်း သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် ၆၇ မိနစ်မှာတော့ အန်ဒါဆန် တာလစ္စကာက အယ်နာဆာအသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲချိန်နောက်ဆုံးမိနစ်မှာတော့ အယ်အီတီဟတ်အသင်းအတွက် ၃ ဂိုးမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ပွဲပြီးချိန်မှာ ၃ – ၁ ဂိုးရလဒ်နဲ့ အယ်အီတီဟတ်အသင်းကို ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို

Photo : The Independent

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အနှောင်းပိုင်းမှာ ဆော်ဒီအင်အားကြီးကလပ် အယ်နာဆာအသင်းကို ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး အခုလက်ရှိ အယ်နာဆာအသင်းအတွက် ၂ ပွဲမြောက် ပါဝင်ကစားထားပေမယ့် သွင်းဂိုးတစ်ဂိုးမှ စွမ်းဆောင်နိုင်ခြင်း မရှိသေးသလို အယ်အီတီဟတ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်က အရှုံးအတွက် အယ်နာဆာအသင်းကတော့ ဆော်ဒီစူပါဖလား ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

အယ်နာဆာအသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ အယ်ဖတတ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်မှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Featured Photo : Reuters