တစ်ချိန်က ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ တွဲဖက်ညီညီ ကစားခဲ့ဖူးကြတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို နဲ့ ပေါ်လို ဒီဘားလား တို့ တိုက်စစ်အတွဲအဖက်ဟာ ဂျုဗင်တပ်စ်အတွက် အကောင်းဆုံး အကျိုးပြုနိုင်တဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘားလားက သူရဲ့ အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကို မုန်းတီးခဲ့ဖူးပါသတဲ့။

ronaldo dybala

Photo Credit : beIN SPORT

ရော်နယ်လ်ဒို နဲ့ ဒီဘားလားတို့ဟာ ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ပိုင်း ဘောလုံးရာသီ (၃)ရာသီအထိ တွဲဖက်နိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် အီတလီ စီးရီးအေဖလား (၂)ကြိမ် အီတလီ စူပါဖလား (၂)ကြိမ် ကိုပါအီတလီယာဖလား (၁)ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ တကယ်ကို အတွဲအဖက် ညီလွန်းလှတဲ့ အတွဲအဖက်တွေ ဖြစ်ခဲ့ဖူးပေမယ့်လည်း ဒီဘားလားက သူ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကို သူ မုန်းတီးခဲ့တယ်လို့ ကိုယ်တိုင် ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

dybala ronaldo

Photo Credit : Bleacher Report

ဒီလို အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကို မုန်းတီးရတဲ့ အဓိက အကြောင်းအရင်းက လီယွန်နယ် မက်ဆီကြောင့် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာရော ဒီဘားလား မွေးရပ်မြေ အာဂျင်တီးနားမှာပါ မက်ဆီ-ရော်နယ်လ်ဒို ဘယ်သူက ပိုကောင်းလဲဆိုတဲ့ အငြင်းအခုန်တွေက ရှိနေတတ်တာ ဖြစ်ပါတယ်။ အာဂျင်တီးနား လူမျိုး ဖြစ်နေရင်တောင်မှ မက်ဆီထက် ရော်နယ်လ်ဒို ကို ပိုကြိုက်တဲ့သူက ရှိနိုင်တယ် ဆိုပေမယ့်လည်း ဒီဘားလား ကတော့ မက်ဆီရဲ့ fan အကြီးစာ တစ်ဦးပါပဲ။ ဒါကြောင့်လည်း မက်ဆီရဲ့ မဟာပြိုင်ဘက် ရော်နယ်လ်ဒိုကို မုန်းခဲ့ဖူးတာပါလို့ ဒီဘားလားက ဖွင့်ဟခဲ့တယ်။

juventus

Photo Credit : Eurosport

“ကျွန်တော် ခရစ္စတီယာနိုနဲ့ အရမ်းကောင်းမွန်တဲ့ (၃)နှစ်တာကို အတူတူ ဖြတ်သန်းခဲ့တယ်။ အဲ့ဒီအချိန်မှာ အသင်းက အရမ်း တောင့်တင်းနေရပြီး သူကလည်း အသင်းအတွက်ကို တစ်ခုခုကို ထည့်သွင်းပေးလိုက်သလိုပါပဲ။ အာဂျင်တီးနားမှာဆိုရင်တော့ မက်ဆီ နဲ့ ရော်နယ်လ်ဒို ဆိုပြီး အားပြိုင်မှုကြီးက ရှိတတ်တယ်။ တစ်ခါကဆို ပွဲအပြီး ကျွန်တော်တို့ လေယာဉ်ပျံ စီးနေချိန် ကျွန်တော်က သူရဲ့နောက် ခပ်မလှမ်းတလှမ်းမှာ ထိုင်နေရင်းနဲ့ သူ ကျွန်တော့်ဆီကို ရောက်လာလို့ စကားစမြည် ပြောတုန်းမှာပဲ ကျွန်တော် ခလေးတုန်းက ခင်ဗျားကို တကယ် မုန်းခဲ့တာဆိုပြီး ပြောလိုက်တော့။ နှစ်ယောက်သားလုံး ထရယ်တော့တာပါပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : Goal